နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသားရှစ်ဦးကို အွန်လိုင်းလိမ်လည် လောင်းကစားမှုများပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကျေးသီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ အနောက်မြောက်ဘက် နေရာတစ်ဝိုက်သို့ရောက်ရှိစဉ် မသင်္ကာဖွယ်ရာအဆောက်အအုံများကိုတွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများလုပ်ဆောင်နေသည့် နေရာဖြစ်ကြောင်းတွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများကိုမတွေ့ရှိရဘဲ အလျားပေ ၄၀၊ အနံပေ ၂၀ ရှိ ယာယီလူနေမိုးကာတဲ ငါးလုံး၊ အလျား ပေ၂၀၊ အနံ ၁၀ ပေ ရှိ ယာယီလူနေမိုးကာတဲခြောက်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ယာယီလူနေမိုးကာတဲ ခုနစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိ ရေကန် သုံးလုံး၊ ဝက်ခြံ ငါးခြံ၊ ကင်းတဲရှစ်လုံး၊ စားဖိုဆောင် နှစ်လုံး၊ ပလတ်စတစ်ထိုင်ခုံအလုံး ၁၅၀၊ မှန်တင်ခုံကြီးတစ်လုံး၊ သစ်သားခုံ ငါးခုံ၊ မော်နီတာ နှစ်လုံး နှင့် starlink တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၅ ရက်တွင် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် ကောင်းဟိုင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ယာယီအဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများဖြစ်သော အလျားပေ ၇၀၊ အနံပေ ၃၀ ရှိ ယာယီလူနေမိုးကာတဲ သုံးလုံး၊ အလျားပေ ၄၀၊ အနံ ပေ ၄၀ ရှိ ယာယီလူနေမိုးကာတဲ နှစ်လုံး၊ အလျား ၂၅ ပေ၊ အနံ ၁၅ ပေရှိ ယာယီလူနေမိုးကာတဲ တစ်လုံး၊ အလျားပေ ၂၀၊ အနံ ၁၅ ပေရှိ ယာယီလူနေမိုးကာတဲ ၂၈ လုံး၊ မီးစက်သုံးလုံး၊ ရေခဲသေတ္တာ အသေးတစ်လုံး၊ FREEZER တစ်လုံး၊ AIR COOLER ငါးလုံးနှင့် လန်ခရူဇာမော်တော်ယာဉ် တစ်စီးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၆ ရက်တွင် မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် ဝမ်ကျောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းဆောင်ရွက်ရန် ဆောက်လုပ်လျက်ရှိသည့် အလျားပေ ၁၅၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးတဲ (လူမနေ) တစ်လုံး၊ အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့် ၁၅ ပေရှိ သွပ်မိုးအလုပ်ရုံ တစ်လုံး၊ အလျား ပေ ၁၅၀၊ အနံ ခြောက်ပေ၊ အမြင့်ရှစ်ပေရှိ သွပ်မိုးအထပ်သားကာ တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ခြောက်ပေ၊ အမြင့် ရှစ်ပေရှိ သွပ်မိုးအထပ်သားကာ တစ်လုံး၊ အလျား ပေ ၁၅၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုးတဲ(လူမနေ) တစ်လုံး၊ အလျားပေ ၈၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးအကာမရှိတဲ တစ်လုံး၊ အလျားပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး အထပ်သားကာတဲ တစ်လုံး၊ အလျားပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးအကာမရှိ ပြိုကျတဲ တစ်လုံး၊ အလျားပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးတဲ တစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးပြိုကျတဲ တစ်လုံး၊ အလျားပေ ၂၀၊ အနံပေ ၁၂၀၊ အမြင့် ၁၅ ပေရှိ မိုးကာမိုးအထပ် သားဂိုဒေါင်တစ်လုံး၊ အလျားပေ ၂၀ ပတ်လည်သွပ်မိုးအထပ်သား ကာ လူနေအိမ်တစ်လုံး၊ အလျား ပေ ၁၅၀၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ အမိုးမရှိတဲ နှစ်လုံး၊ ဂါလန် ၈၀၀ ဆံ့ တိုင်ကီအပြာ လေးလုံးတို့ကိုလည်းကောင်း၊ မိုင်းနောင်မြို့၏ အရှေ့တောင်ဘက် နောင်တောက်ကျေးရွာ၏ တောင်ဘက်နေရာတစ်ဝိုက်အား ထပ်မံ၍ရှင်းလင်းရာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦးတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်များအရ အဆိုပါကျေးရွာအနီး ၌ သိုဝှက်သိမ်းဆည်းထားသည့် MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK - 12 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် တစ်လက်၊ WINCHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် နှစ်တောင့်၊ ၉ မမကျည်အိမ် တစ်ခု၊ AK ကျည်အိမ် တစ်ခုနှင့် ကာဘိုင် ကျည်အိမ် တစ်ခုတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများ၊ ယာယီလူနေအဆောက်အအုံ များ၊ နေရာထိုင်ခင်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
