နေပြည်တော် နိုဝင်ဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ရှိ စက်တော်ရာ ဘိုးဘွားရိပ်သာ၌ တာဝန်ရှိသူများ၊ အဘိုးအဘွားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားရှိမှု၊ နိုင်ငံသားကတ်ပြားပျောက်ဆုံး/ ပျက်စီးပါက မိတ္တူလျှောက်ထား ကိုင်ဆောင်နိုင်ရေး၊ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြည့်ရှုမေးမြန်းပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး အဘိုးအဘွားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်မှုနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပြောကြားနိုင်ရေးမှာကြား၍ အဘိုးအဘွားများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
