Skip to main content

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅၈/၂၀၂၀) ကျင်းပပြုလုပ်

ပုသိမ် နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅၈/၂၀၂၀) ကို ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်နှင့် တိုင်းဒေသကြီး သာသနာရေးမှူး ဦးဖြိုးဇော်တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ကာလအတွင်း မြို့နယ်အသီးသီးရှိ မဲရုံများတွင် ကော်မရှင်အဖွဲ့များ/မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ/  Volunteer များကို ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကိုဗစ် - ၁၉ ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်း စားများအား ငွေကြေး ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

၎င်းနောက် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေး မှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှု အခြေအနေများနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေး​ပြီး၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွား/ ပျောက်ကင်းမှု အခြေအနေများအား Power  Point ဖြင့်ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍  တက်ရောက်လာကြသော တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် အပြန်အလှန်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)