နေပြည်တော် နိုဝင်ဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
မေးမြန်းဆွေးနွေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေးပြီး ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး One Stop Service ဖြင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအတွင်း အသက်ပြည့်မီပြီး နိုင်ငံသားကတ်မရရှိသူများ မကျန်ရှိစေရေးနှင့် မှားယွင်းမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်များကို ကာယကံရှင်ပြည်သူများထံ ပေးအပ်ပြီး ပါဝင်ကူညီဆောင်ရွက်သည့် ဌာနဆိုင်ရာများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထုတ်ပေးလျက်ရှိ
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်းထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
