Skip to main content

မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ဆက်လက်ကျင်းပ၊ ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲ ရောင်းချရ

နေပြည်တော် နိုဝင်ဘာ ၂၄

၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့ပြင် ပြပွဲနဝမနေ့တွင် ရောင်းချမည့် အုပ်စု(စီ)အတွဲအမှတ်(၃၆၅၁) မှ (၄၄၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါ ပုံးများအတွင်း ထည့်သွင်းကြသည်။ အဆိုပါဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

ယနေ့ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်၊၊

ကျန်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်