Skip to main content

နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးကဏ္ဍ အလေးထားမြှင့်တင်

ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင်မှသာ မိမိအကျိုး၊ နိုင်ငံအကျိုးကို စွမ်းအားပြည့်သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအနေဖြင့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ အမျိုးသားကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဦးတည်ချက်ကိုချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူများကလည်း မိမိတို့၏ကျန်းမာရေးကို ဦးစားပေးအလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါကလည်း အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲက “ဆေးရုံတိုင်း ဆရာဝန်ရှိစေရမည်” ဟူသည့် မူဝါဒကို ချမှတ်ပေးထားပြီး နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ နှစ်စဉ်ဖြည့်ဆည်းခန့်ထားပေးလျက်ရှိသည်။

ယခုရက်ပိုင်းများတွင် ပြည်သူ့ဆေးရုံများနှင့် အလှမ်းဝေးသော ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့ဖြင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ အခြေပြု၍ အဆိုပါကျေးရွာများနှင့် အခြေပြုကျေးရွာ ပတ်ဝန်းကျင်များမှ ဒေသခံပြည်သူများအား ဆေးကုသမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်လှည့်လည်ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအား ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် အဆိုပါဒေသများရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များသည် ကျေးလက်ဒေသများရှိ ဆေးကုသမှုဆိုင်ရာရောဂါရှင်များ၊ ခွဲစိတ်ကုသမှုခံယူရမည့်သူများ၊ ကလေးရောဂါ၊ အမျိုးသမီးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါစသည့် ရောဂါအမျိုးမျိုးတို့အနက် အထွေထွေခွဲစိတ်ခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ အာထရာဆောင်းဖြင့် စမ်းသပ်ပေးခြင်း၊ နှလုံးစမ်းသပ်လူနာများအား အီးစီဂျီစက်ဖြင့် စမ်းသပ်ပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်လူနာများအား ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ၂၀၁၆ ခုနှစ်မှစတင်၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ယခုအကြိမ်အထိ ၂၅ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်များကို အောင်မြင်စွာမွေးဖွားပေးခဲ့သည့်အပြင် ကလေးငယ်အတွက် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

နိုင်ငံတော်က ပြည်သူ့ကျန်းမာရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသလို ပြည်သူများကလည်း ကျန်းမာရေးနှင့်ပတ်သက်၍ အသိသတိရှိကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြို့ပြနေပြည်သူများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသည့် နေထိုင်မှုပုံစံများနှင့် အလွယ်တကူအသင့်စား စားသောက်မှုပုံစံများကြောင့် ရောဂါအမျိုးမျိုးဖြစ်ပွားလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ပြနေပြည်သူများ ကျန်းမာရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှုကို မိမိတို့ကိုယ်တိုင် နေ့စဉ်သတိပြုဆောင်ရွက်သင့်သည်။ အချိန်မကုန်၊ ငွေမကုန်သည့် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုမှာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် ပုံမှန်လမ်းလျှောက်မှုတို့ကို ပြုလုပ်သင့်သည်။

သို့ဖြစ်ရာ နိုင်ငံ့အကျိုး၊ မိမိအကျိုးကို အပြည့်အဝသယ်ပိုးဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်နှင့် တပ်မတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူခြင်းနှင့် မိမိကိုယ်ကို ကျန်းမာအောင် ပြုမူနေထိုင်ကြခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ။