Skip to main content

ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဘောလခဲ နိုဝင်ဘာ ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလတွင် စားဝတ်နေရေးခက်ခဲနေသော အခြေခံလူတန်းစားများကို စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ကလည်း ညွန်ကြားရာမှာ မိမိတို့ ရပ်ကွက်ကျေးရွာတွင် အမှန်တကယ် နေထိုင်သော ပြည်သူလူထု လက်ထဲ ရောက်ရှိအောင် ပေးအပ်ဖို့ မှာကြားထားပါကြောင်း၊ အိမ်ထောင်စုတစ်စုလျှင်လျှင်(၂၀၀၀၀) ကျပ်နှုန်း ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့လက်ထဲတွင် ကြန့်ကြာမှုမရှိစေဘဲ ပြည်သူလူထုမှ သံသယကင်းအောင် အမြန်ဆုံးပေးပို့ ဆောင်ရွက်သွားရန်နှင့် လက်ရှိကောက်ယူထားသော စာရင်းဇယားများကို သေချာစိစစ်ပြီး ပေးအပ်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့မရဲစခန်းမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးနှင့် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စု(၈)အုပ်စု၏ အုပ်ချုပ်ရေးမှူးများထံ  အိမ်ထောင်စုပေါင်း (၅၇၀)စုအတွက် တစ်ရာတစ်ဆယ့် လေးသိန်းကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လှရွှေ