နေပြည်တော် နိုဝင်ဘာ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက မွန်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဌာနများနှင့် တောင်သူများ၊ လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ကဏ္ဍအလိုက် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို တင်ပြကြသည်။
ဆွေးနွေးမှာကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ပြည်နယ်၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရေးအတွက် မျိုးစေ့ဖူလုံမှုရှိစေရေး အပါ အဝင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအားလုံး၌ မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံစွာစီမံဆောင်ရွက်ရန်၊ ဒူးရင်းသီးနှင့် မြေနိမ့်ကော်ဖီများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာနှင့် နည်းပညာပေးဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည်အထိ သီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် နည်းပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ မြေယာအသုံးပြုမှုအတွက် တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်၊ ဒေသဝမ်းစာ ဖူလုံရေးနှင့်အတူ လယ်ယာသားငါးထုတ်ကုန်များအတွက် ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်းကို တစ်ပြိုင်တည်းဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျနေထိုင်ပြီး လုပ်ငန်းများကျေပွန်အောင်မြင်အောင် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
