နေပြည်တော် နိုဝင်ဘာ ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ အငယ်တန်း အင်ဂျင်နီယာ(၃)နှင့် အငယ်တန်းအင်ဂျင်နီယာ(၄)အလုပ်ခွင်ဝင် Online သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ယခုသင်တန်းကို အောက်တိုဘာ(၁၉) ရက်ကစ၍ နိုဝင်ဘာ(၁၁)ရက်အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် အဆောက်အဦဦးစီးဌာနမှ (၇၃)ဦး၊ လမ်းဦးစီးဌာနမှ (၁၇၈)ဦး၊ တံတားဦးစီးဌာနမှ(၆၆)ဦး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုရေး ဦးစီးဌာနမှ(၁၈)ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၁၂)ဦး ၊ စုစုပေါင်း (၄၄၇)ဦး တက်ရောက်ခဲ့ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေးအတွက် မျိုးဆက်သစ်များ လုပ်ငန်းခွင်နှင့် ပတ်သက်သည့် အင်ဂျင်နီယာ ဘာသာရပ်များအပြင် အခြား အထောက်အကူပြုဘာသာရပ်များ သိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိရှိ လိုက်နာ တတ်ကြစေရေးကို နှောင့်နှေးကြန့်ကြာမှုမရှိရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ Online သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း။
ယနေ့သင်တန်းဆင်းမည့် အင်ဂျင်နီယာသင်တန်းသား၊ သင်တန်းသူများသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုရမည့် အင်ဂျင်နီယာများဖြစ်လာရန် မျှော်လင့်ပါကြောင်း၊ အင်ဂျင်နီယာဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ ဝန်ထမ်းကျင့်ဝတ်၊ အင်ဂျင်နီယာ ကျင့်ဝတ်၊ ရုံးသုံးမြန်မာစာရေးသားနည်းနှင့် ရုံးလုပ်ငန်းဘာသာရပ်၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံငွေခွဲဝေပေးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာ ဥပဒေများ၊ ငွေစာရင်းဆိုင်ရာ ဥပဒေများနှင့် ညွှန်ကြားလွှာများ၊ အသုံးစရိတ် သုံးစွဲခြင်းဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတို့ကို ထည့်သွင်း သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း။
သင်တန်းကာလ (၃)ပတ်သည် တိုတောင်းသော်လည်း အတွေ့အကြုံ ရင့်ကျက်သည့် နည်းပြ ဆရာများ၏ သင်ကြားပို့ချမှုများကို လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ မိမိ၏ အရည်အချင်းနှင့် စွမ်းရည်များကို ကိုယ်တိုင်မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဝင်ကြမည့် အင်ဂျင်နီယာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးလိုက် သည့် ပညာရပ်များကို မိမိကိုယ်တိုင် စိတ်ဝင်တစားနှင့် လုပ်ငန်းခွင်၌ ပေါင်းစပ်လုပ်ဆောင်ပါက အတွေ့အကြုံများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ချမှတ်ထားသည့် မူဝါဒများကို လိုက်နာပြီး ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်နှင့်အညီ အသိပညာ၊ အတတ် ပညာများ တိုးတက်အောင် လေ့လာဆည်းပူးသင်ယူကြရန် အထူးမှာကြားလိုပါကြောင်း ပြောကြား သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးရွှေလေး က သင်တန်းဆင်း အောင်လက်မှတ်များအား ပေးအပ်ရာတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးဦးစီးဌာန တို့မှ သင်တန်းသား / သင်တန်းသူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)