နေပြည်တော် နိုဝင်ဘာ ၁၆
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်ကတော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံပါတီ) ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးရဲထွန်း ဖြစ်ပါတယ်။ မိဘပြည်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဂါရဝတရားရှေ့ထား၍ ဦးစွာပဏာမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဟာ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ၂၀၁၀ ခုနှစ်ကတည်းက မှတ်ပုံတင်အမှတ် ၁၇ ဖြင့် တရားဝင်ရပ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သလို ၂၀၂၃ ခုနှစ်တွင် မှတ်ပုံတင်အမှတ် ၄၄ ဖြင့် ဆက်လက်ရပ်တည်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ အင်းစိန်ခရိုင်နှင့် တွံတေးခရိုင်တို့တွင် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲများနှင့် ထန်းတပင်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ပါဝင်အရွေးခံမှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
မြန်မာနိုင်ငံဟာ နယ်ချဲ့ဗြိတိသျှတို့၏ မတရားသိမ်းပိုက်ထားမှုအောက်မှာ နှစ်ပေါင်း (၁ဝဝ) ကျော် ကျွန်နိုင်ငံအဖြစ်နေခဲ့ရပြီး ကျွန်တော်တို့ ဘိုးဘွားများက အသက်သွေးချွေးပေးဆပ် စတေးကာ သူ့ကျွန်မခံတော်လှန်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အလီလီကို ဆင်နွှဲခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးကြေညာနိုင်ခဲ့ပြီး ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အချုပ်အခြာအာဏာပိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ထူထောင်၍ ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပါတယ်။
သို့ပေမယ့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းခေါင်းဆောင်သည့် တော်လှန်ရေးအစိုးရကို ဖွဲ့စည်းထူထောင်၍ ၁၉၇၄ ခုနှစ်၌ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သည့် တစ်ပါတီစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သလို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး ကြိုးပမ်းခဲ့ကြသဖြင့် ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အမျိုးသားညီလာခံကို ကျင်းပခဲ့ရာ ၁၅ နှစ်အကြာ ၂ဝဝ၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ-
အဲဒီနောက် ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေများ ထွက်ပေါ်လာခဲ့ရာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခြင်းတည်းဟူသော ဝိသေသလက္ခဏာများနှင့် ငြိမ်းချမ်းသာယာသော လူနေမှုဘဝကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပေါ်ရေးအတွက် နိုင်ငံသားအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်" ဟု အဓိဋ္ဌာန်ပြုကာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR) ကို နိုင်ငံရေးပါတီအဖြစ် ထူထောင်ခဲ့ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဟာ (၁) နိုင်ငံတော်အာဏာအရပ်ရပ်သည် နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဟူသော မူကို အခြေခံ၍ အမျိုးသားနိုင်ငံရေးဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေး၊ (၂) မတူကွဲပြား ခြားနားသည့် သဘောထားအလျောက် နိုင်ငံရေးပါတီများ ဥပဒေနှင့်အညီ ထူထောင်ခွင့်ရှိပြီး တန်းတူညီမျှ ပါဝင်ယှဉ်ပြိုင်၍ နိုင်ငံတော်အာဏာကို ရယူသုံးစွဲခွင့်ရှိသော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတော်ဖြစ်ပေါ်ရေး၊ (၃) လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများနှင့်အညီ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အရေးကိစ္စတိုင်းတွင် ဥပဒေနှင့်အညီ အခွင့်အရေးရှိသည့် နိုင်ငံသားတိုင်းက ကာယဉာဏဝီရိယစွမ်းအားအလျောက် တန်းတူညီမျှအခွင့်အရေးရှိသည့် လူနေမှုဘဝဖြစ်ပေါ်ရေး၊ (၄) အများစု၏သဘောဆန္ဒကို အနည်းစုက လေးစားလိုက်နာခြင်း၊ အနည်းစု၏ သဘောဆန္ဒကိုအများစုက တန်ဖိုးထားအသိအမှတ် ပြုခြင်းတည်းဟူသော ဒီမိုကရေစီကျင့်စဉ်အားကောင်းသည့် လူနေမှုဘဝဖြစ်ပေါ်ရေး၊ (၅) နိုင်ငံသားတိုင်း လူမျိုးဘာသာ၊ ဆင်းရဲ၊ ချမ်းသာလိင်ကွဲပြားမှုကြောင့် တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိရေးကို ထိခိုက်မှုမရှိစေရန် အာမခံချက်ပေးနိုင်သည့် လူမှုဘဝဖြစ်ပေါ်ရေး၊ (၆) နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံချက်ပေးနိုင်သည့် ဥပဒေပေါ်ပေါက်နိုင်စေရေး၊ (၇) နိုင်ငံသားတိုင်း၏ လုံခြုံမှုဆိုင်ရာအာမခံချက်များရရှိစေရေး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရေးအာမခံချက် ရရှိစေရေး၊ (၈) နိုင်ငံသားတိုင်း အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန်အတွက် အတတ်ပညာ၊ နည်းပညာတို့ကို လွယ်ကူစွာသင်ကြားနိုင်စေရန် နိုင်ငံတော်မှ ပံ့ပိုးနိုင်ရေး၊ (၉) ဒေသဆိုင်ရာ အဖွဲ့စည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် မူဝါဒကျင့်သုံး၍ နိုင်ငံအတွက်အကျိုးရှိပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံခြားရေးမူဝါဒဖြစ်ပေါ်ရေး၊ (၁ဝ) တိုင်းရင်းသားလူမျိုးများ၏ ဘာသာစာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ ဝိသေသလက္ခဏာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ (၁၁) တောင်သူလယ်သမားတို့၏ ဘဝမြင့်မားလာစေရန် နိုင်ငံတော်မှ နည်းပညာ၊ ချေးငွေ၊ သီးနှံဈေးကွက်ရရှိရေးနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရန် စက်ပစ္စည်းများ ဝယ်ယူတင်သွင်းခြင်း၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ဝယ်ယူရေးတို့တွင် အခွန်အခများသက်သာခွင့်ရရှိစေရန်၊ (၁၂)နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အစဉ်အမြဲစောင့်ထိန်းနိုင်ရန် ခေတ်မီ၍ အင်အားပြည့်ဝသော ကာကွယ်ရေးစနစ်ထွန်းကားလာစေရန် စသည့် ဦးတည်ချက်များ ထားရှိပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဟာ (၁) လက်နက်ကိုင်ပဋိပက္ခ အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ (၂) ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ် ရှင်သန်ထွန်းကားရေး၊ (၃) လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားများ ထွန်းကားရေး၊ (၄) ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံထူထောင်ရေးဟူသည့် ရည်ရွယ်ချက်များ ထားရှိပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဟာ (၁) ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော နိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးနှင့် ကိုက်ညီသော စီးပွားရေးစနစ်၊ နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုနိုင်သည့် ဥပဒေပြုရေးစနစ်၊ ပြည်သူလူထုက ရွေးပိုင်ခွင့်ရှိသည့် အုပ်ချုပ်ရေးစနစ်၊ လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေးစနစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာသင်ကြားရေးစနစ်၊ အာမခံချက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်သော ကျန်းမာရေးစနစ်၊ နိုင်ငံသားတိုင်းခွင့်တူညီမျှ ခံစားနိုင်သော မြေယာစနစ်၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ အသိအမှတ်ပြုသော ငွေကြေးစနစ်၊ သဘာဝဘေးအန္တရာယ် ကပ်ရောဂါအန္တရာယ်တို့ကြောင့် ထိခိုက်မှုကို တားဆီးကာကွယ်နိုင်သောစနစ်တို့ကို ခေတ်နှင့်အညီ အစဉ်အမြဲလွတ်လပ်စွာ ရှင်သန်တိုးတက် ဖြစ်ပေါ်လာစေရန် စီမံဆောင်ရွက်မည်။ (၂) နိုင်ငံသားများ၏ လွတ်လပ်ခွင့်များ အစဉ်အမြဲရှင်သန်နေစေရေးကို ရှေးရှု၍ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်သောအဖွဲ့အစည်းများ၊ လူထုလူတန်းစားနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၊ လူမှုရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းများ၊ ဘာသာရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းများ၊ စီးပွားရေးနှင့် သက်ဆိုင်သောအဖွဲ့အစည်းများ၊ အားကစားနှင့် သက်ဆိုင်သောအဖွဲ့အစည်းများ တည်ထောင်နိုင်ရေးအတွက် အားပေးဆောင်ရွက်သွားမည်ဟု လုပ်ငန်းစဉ်များ ချမှတ်ထားပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဟာ (၁) နိုင်ငံတော်၊ နိုင်ငံသားနှင့် ပါတီ၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် လူ့ဂုဏ်သိက္ခာကင်းမဲ့ခြင်း၊ အများပြည်သူ၏ ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေခြင်းမဖြစ်ပေါ်စေရန်၊ (၂) နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မပျက်ပြားစေဘဲ ဒီမိုကရေစီအခွင့်အရေးများ၊ အခြေခံလူ့အခွင့်ရေးများကို ပြည့်ပြည့်ဝဝ ကျင့်သုံးနိုင်ပြီး ငြိမ်းချမ်းစွာဖြစ်ပေါ်တိုးတက်ရေးနည်းလမ်းကို စောင့်ထိန်းလိုက်နာရန်၊ (၃) လူအုပ်စုဝါဒ၊ မင်းမဲ့ဝါဒ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဝါဒ၊ ဂိုဏ်းဂဏဝါဒ၊ အကြမ်းဖက်ဝါဒ၊ လူမျိုးရေးအစွန်းရောက်ဝါဒ၊ ဘာသာရေးအစွန်းရောက် ဝါဒတို့ကိုဆန့်ကျင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်သော နိုင်ငံရေးကျင့်စဉ်ကို စောင့်ထိန်းလိုက်နာ ကျင့်သုံးရန်၊ (၄) တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ခြင်း၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးခြင်းတည်းဟူသော ဝိသေသလက္ခဏာများ မပျောက်မပျက် ထာဝစဉ်ရှင်သန် သက်ဝင်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရေးလမ်းစဉ်ကို စောင့်ထိန်းလိုက်နာရန် အခြေခံမူများ ချမှတ်ထားပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဝင်တိုင်းဟာ နိုင်ငံတော်၊ နိုင်ငံသားများနှင့် ပါတီအပေါ်တွင် သစ္စာရှိခြင်း၊ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းရင်းသားအားလုံး ရင်းနှီးချစ်ကြည်ရေးနှင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာစွာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို အားပေးမြှင့်တင်ကာကွယ်စောင့်ရှောက်ခြင်း၊ အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံတော်၏အကျိုးကို အားပေးမြှင့်တင်ကာကွယ်စောင့်ရှောက်သည့် အမျိုးသားရေးစိတ်ဓာတ် အစဉ်အမြဲထားရှိမွေးမြူခြင်း၊ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို မပျောက်မပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒီမိုကရေစီကျင့်စဉ်ကို သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးခြင်း စသည်တို့ကို “ပါတီဝင်များ၏ကျင့်ဝတ်” အဖြစ် သတ်မှတ်ကာ လေးစားလိုက်နာစောင့်ထိန်းကျင့်သုံးကြပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီ၏ အလံမှာ အနီရောင်အောက်ခံပေါ်တွင် အဝါရောင်ခွပ်ဒေါင်းနှင့် ကြယ် ဖြူ ၁၄ လုံး ပါရှိပါတယ်။ အလံ၏ အလယ်တွင် အားမာန်အပြည့် ဖြင့် ခုန်ခွပ်တော့မည့် ခွပ်ဒေါင်းပုံနှင့် ခွပ်ဒေါင်း၏အောက်နှင့် အထက်တို့တွင် အရွယ်တူကြယ်ဖြူ ၇ လုံးစီကို အတန်းလိုက် ဖော်ကျူးထားပါတယ်။ အနီရောင်အောက်ခံမှာ ရဲစိတ်ရဲမာန် ထက်သန်ခြင်းသဘောကိုဆောင်ပြီး ကြယ်ဖြူတစ်ဆယ့်လေးလုံးမှာ တိုင်းရင်းသားပေါင်းစုံရင်းနှီးချစ်ကြည်စွာ အတူတကွစုပေါင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပြဆိုခြင်းဖြစ်ပါတယ်။ အားမာန်အပြည့်ဖြင့် ခုန်ခွပ်တော့မည့် ဟန်ရှိသည့် ခွပ်ဒေါင်းသင်္ကေတမှာ နိုင်ငံတော်နှင့် နိုင်ငံသား၏ အကျိုးစီးပွား အမျိုးဘာသာသာသနာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ထိခိုက်ပျက်ပြားစေမည့် လုပ်ဆောင်ချက်များကို တွန်းလှန်တိုက်ဖျက်ချေမှုန်းရာတွင် လိုအပ်ပါက အသက်ကိုပင် စတေးမည်ဟူသည့် သဘောအဓိပ္ပာယ်ဆောင်ပါတယ်။
မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျာ -
ကျွန်တော်တို့ပါတီဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်းကောင်း၊ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် နိုင်ငံသားတိုင်းတန်းတူရည်တူ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လည်းကောင်း၊ နိုင်ငံသားတိုင်း မွေးရာပါလူ့အခွင့်အရေးနှင့် ဒီမိုကရေစီလူ့အခွင့်အရေးများ ရရှိခံစားပိုင်ခွင့်ရှိသော လူနေမှုဘဝတစ်ခုကို ခိုင်ခိုင်မာမာထူထောင်နိုင်ရေးအတွက်လည်းကောင်း၊ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးကို ရှေးရှု၍ အထွေထွေဟန့်တားနှောင့်ယှက်မှုများအား ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကြား၌ ဂုဏ်သိက္ခာရှိစွာ မိတ်ဝတ်မပျက်ပါဝင်ရပ်တည်နိုင်ရေးအတွက်လည်းကောင်း ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီကို ဖွဲ့စည်းတည်ထောင်ခြင်း ပါဝင် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားဖြစ်ထွန်ရေး၊ မြန်မာ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပြည့်အဝရှိသည့် လူနေမှုဘဝဖြစ်စေရေး အလို့ငှာအစွမ်းကုန်ကြိုးစားဆောင်ရွက်ကြမည်ဟု အဓိဋ္ဌာန်ပြုပါတယ်။
ကျွန်တော်တို့ပါတီ၏ မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် အသက် (၁၈) နှစ် ပြည့်ပြီးသည့် နိုင်ငံသားများက ပါတီဝင်ခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးထောက်ခံခြင်းနှင့် လူအားငွေအားအကြံဉာဏ်အားများဖြင့် ပံ့ပိုးပေးနိုင်ပါကြောင်းနှင့် ပါတီ၏ ဆောင်ပုဒ်မှာ “ခွပ်ဒေါင်းအားမာန် မြဲရှင်သန်၊ ရရန်မလွဲ ဒို့အောင်ပွဲ” ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။
နိုင်ငံတစ်ဝန်းလုံးမှ မဲဆန္ဒရှင်မိဘပြည်သူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီနိုင်ငံတည်ထောင်ရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နိုင်ကြပါစေဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
