မြစ်ကြီးနား နိုဝင်ဘာ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ လျှပ်စစ်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပိုမိုတိုးတက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပို့လွှတ်ရေးဓာတ်အားလိုင်းများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ တိုးတက်ကောင်းမွန်အောင်၊ ဟန်ချက်ညီညီစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားပြည့်ပြည့်ဝဝဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာအလေ့အလွင့်မရှိစေရေး မြို့နယ်များအလိုက် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရန်နှင့် အဆင့်ဆင့်စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဓာတ်အားခကောက်ခံရရှိမှုနှင့် ကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်ရောက်ရှိလာသော ဝန်ထမ်းများအား နေရာချထားပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်တွေ့ဆုံကာ ယာယီတိမ်းရှောင်လာသည့် ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥများနှင့် ထောက်ပံ့ငွေများ၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
