အိန္ဒိယဘုရင်ခံချုပ်၏ အမိန့်တော်အရ အထက်မြန်မာနိုင်ငံကို ဧကရီအရှင်မဖုရားပိုင်နိုင်ငံတော်များနှင့်အတူ အမြဲပေါင်းစည်း ထားရှိပြီးဖြစ်သည့်အတိုင်း ယခုမှစ၍ အင်္ဂလိပ်အစိုးရအရာရှိ မင်းတို့တိုက်ရိုက်အုပ်စိုးခြင်းကို ခံကြရမည်ဟူ၍ ဖော်ပြချက်ပါရှိသော ကြေညာချက်တစ်စောင် ၁၈၈၆ ခုနှစ် မတ်လ ၃ ရက်နေ့ တွင် ထုတ်ပြန်လိုက်ချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံး၏ ကျွန်ဘဝစတင်ခဲ့ရသည်။
ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင်အောင် မြန်မာတိုင်းရင်းသားတို့၏ ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလိုသော စိတ်ဓာတ်ကိုမူ ချိုးနှိမ်၍မရ။ မြန်မာဘုရင် သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည့် လက်နက်စွဲကိုင်တွန်းလှန်မှုများ မြန်မာနိုင်ငံအထက်အောက် တစ်နံတစ်လျားတွင် ဖြစ်ပွားလာသည်။ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကြီးမား ပြင်းထန်သည့်အလျောက် ဗြိတိသျှတို့မှာ မြန်မာနိုင်ငံကို သိမ်းပိုက် စဉ်ကထက် ပိုမိုကြီးမားသည့်စစ်အင်အားကို အသုံးပြုပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နှိမ်နင်းခဲ့ရသည်။
နယ်ချဲ့တို့က လက်နက်အင်အား၊ လူအင်အားအလုံးအရင်း ဖြင့် ပြင်းပြင်းထန်ထန်၊ ရက်ရက်စက်စက် တိုက်ခိုက်နှိမ်နင်းသည့်အပြင် မြန်မာတို့၏ ဇာတိပုညဂုဏ်မာနကိုပါ မှေးမှိန်သေးသိမ်စေရန် ချိုးနှိမ်မှုများဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ရာ မြန်မာတို့၏ ခုခံတွန်းလှန်မှုများ တစ်စတစ်စပျောက်ကွယ်သွားသည်။ ဆယ်စုနှစ်အနည်းငယ်မျှ ငြိမ်သက်သွားခဲ့သော ဤအခြေအနေသည် အားမတန်၍မာန်လျှော့ရသော အခိုက်အတန့်သာဖြစ်ပြီး ဇာတိသွေး ဇာတိမာန် လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အခွင့်အခါကို စောင့်ဆိုင်းနေသည့် သဘောသာဖြစ်သည်။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မြန်မာပြည်သူများ၊ သတင်းစာများက အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ နယ်ချဲ့အစိုးရက အတင်းအဓမ္မ ပြဋ္ဌာန်းလိုက်သည့်အချိန်တွင် မြန်မာတို့၏ ဇာတိမာန် စိတ်ဓာတ်တို့ ပထမဆုံးအကြိမ်အဖြစ် အုံကြွလာခဲ့ပြီး နယ်ချဲ့အုပ်စိုးသူကို စတင်ရင်ဆိုင်အန်တုခဲ့ကြသည်။ ဗြိတိသျှတို့က မြန်မာနိုင်ငံကို စစ်သုံးကြိမ်ပြု၍ တစ်ပိုင်းပြီးတစ်ပိုင်းသိမ်းပိုက်ခဲ့ရာ ၁၉၂၀ ပြည့်နှစ်ရောက်ချိန်အထိ မြန်မာလူမျိုးတို့ အဆင့်မြင့်ပညာသင်ယူနိုင်ရန် မြန်မာ့မြေပေါ်တွင် တက္ကသိုလ်တစ်ကျောင်းမှမရှိ။ ကလကတ္တား တက္ကသိုလ်လက်အောက်ခံ ကောလိပ်ကျောင်း နှစ်ကျောင်းသာ ရန်ကုန်တွင်ဖွင့်လှစ်ထားသည့်အတွက် တက္ကသိုလ် ကျောင်းတစ်ကျောင်းဖွင့်ပေးရန် တောင်းဆိုမှုများ ကြာမြင့်စွာ ကပင်ရှိခဲ့သည်။ နှစ် ၃၀ နီးနီး ကြာမြင့်ကာမှ ချပြလာသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေမူကြမ်းမှာလည်း မြန်မာလူမျိုး တို့အတွက် စေတနာနည်းလှသည်။ မြန်မာတို့ကို တက္ကသိုလ်ပညာများများစားစား မတတ်စေလိုသည့် သဘောဆန္ဒများကို တက္ကသိုလ်ဥပဒေမူကြမ်းတွင် တွေ့နေရသောကြောင့် အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ ပြဋ္ဌာန်းလိုက်သည့်အခါ တက္ကသိုလ်ကျောင်းသားတို့၏ အုံကြွဆန့်ကျင်မှုကြီး စတင်ပေါ်ပေါက်လာသည်။ အဆိုပါဖြစ်ရပ်ကြီး၏ အနှစ်သာရမှာ မြန်မာ့ဇာတိသွေးဇာတိမာန် တစ်စည်းတစ်လုံးတည်း စတင်ပေါ်ပေါက်ခဲ့ခြင်း၊ စည်းလုံးညီညွတ်မှုအားဖြင့် နယ်ချဲ့အစိုးရကို စတင်ရင်ဆိုင်ခြင်းနှင့်နောင်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တိုက်ပွဲဝင်သွားနိုင်ခဲ့ခြင်း တို့ဖြစ်သည်။
ယနေ့သည် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ရာ မိမိတို့ဘိုးဘွားများက ၎င်းတို့၏ခေတ်အခါတွင် မြန်မာဟူသော မျိုးချစ်စိတ်ကို တစ်ခဲနက်ပြသ၍ နယ်ချဲ့ဗြိတိသျှတို့ကို စတင် တွန်းလှန်ကာ သမိုင်းပေးတာဝန်ကျေပွန်ခဲ့ကြသည်ကို ပြန်လည် သတိရစေသည့်နေ့ဖြစ်သည်။ မျက်မှောက်အချိန်အခါကာလ မိမိတို့နိုင်ငံသူ နိုင်ငံသားတို့အနေဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အသိပညာ အတတ်ပညာပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ် များဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရေး၊ အမျိုးသားပညာရေး ကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို မိမိတို့ ခေတ်၏ သမိုင်းပေးတာဝန်များအဖြစ် ခံယူကာ တိုင်းပြည် ချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် စည်းလုံးချစ်ကြည် လက်တွဲညီညီ ကျေပွန်စွာ ထမ်းရွက်ကြရပါမည့်အကြောင်း။ ။
