စောအောင်မင်း
နိုင်ငံတိုင်းတွင် ထူးမြတ်သည့် သမိုင်းဝင်နေ့များ ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း နေ့ထူးနေ့မြတ်များအဖြစ် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့များနှင့် အမျိုးသားအောင်ပွဲနေ့စသည်ဖြင့်် ရှိသည်။ အမျိုးသားအောင်ပွဲနေ့သည် မျိုးချစ်စိတ်ဓာတ်ဖြင့် နယ်ချဲ့တို့အားဆန့်ကျင်ခဲ့သော သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ တိုင်းပြည်နှင့်လူမျိုးကိုချစ်ခင်သောစိတ်ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသူများ စည်းလုံးညီညွတ်စွာနေထိုင်ခြင်း၊ နိုင်ငံနှင့်လူမျိုးတို့၏အကျိုးကို အစဉ်သယ်ပိုး ဆောင်ရွက်လိုသည့် စိတ်ဓာတ်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုသည့် တိုင်းရင်းသားညီနောင်သားချင်းများ အတူတကွစည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့်နေထိုင်ခဲ့ကြသူများ ဖြစ်ကြသည်။ သို့ရာတွင် နယ်ချဲ့တို့သည် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် ကျူးကျော် စစ်သုံးကြိမ်ဆင်နွှဲကာ မတရားသိမ်းပိုက်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရသည်။
မြန်မာတို့သည်ဆုံးရှုံးသွားခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးအတွက် နယ်ချဲ့တို့အားရရာလက်နက်စွဲကိုင်၍ သူ့ကျွန်အဖြစ်နွံနစ်မခံဆိုသည့် စိတ်ဓာတ်များဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ သို့ရာတွင်လက်နက်အင်အား၊ လူအင်အားမမျှတခြင်း၊ နည်းပညာခေတ်မမီခြင်း၊ စုစည်းညီညွတ်မှု အားနည်းခြင်းများကြောင့် အောင်မြင်မှုမရခဲ့ပေ။
မြန်မာတို့ နယ်ချဲ့လက်အောက်ကျရောက်ခဲ့သည့် ၁၈၂၄ ခုနှစ်မှ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း ၁၂၄ နှစ်တိုင်အောင် နယ်ချဲ့တို့၏လက်အောက်တွင် ကျွန်သပေါက်ဘဝသို့ရောက်ခဲ့ရသည်။ ကျွန်ဆိုသည်မှာ သူတစ်ပါး၏ စိုးပိုင်စေခိုင်းခြင်းခံရသူဖြစ်ပြီး ကျွန်သပေါက်ဆိုသည်မှာ ကျွန်မှမွေးသော သား၊ သမီးဟု အဓိပ္ပာယ်ရသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာဆုံးရှုံးသွားချိန်တွင် နယ်ချဲ့ တို့က တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုဘဲ အတူတူကျွန်ဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံဘုရင်ခံချုပ်မှတစ်ဆင့် အုပ်ချုပ်ခြင်းကိုခံခဲ့ရသဖြင့် ကျွန်ထက်နိမ့်ကျသည့် ကျွန်သပေါက်ဖြစ်ခဲ့ရသည်မှာများစွာရင်နာဖွယ် ရာဖြစ်ခဲ့ရသည်။
လွတ်လပ်ရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့
လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ကြရာ အောင်မြင်မှုမရခဲ့ကြသော်လည်း စိတ်ဓာတ်မကျဘဲ၊ လက်ရုံးရည်နှင့်မအောင်မြင်ပါက နှလုံးရည်ဖြင့်တိုက်ပွဲဝင်မည်ဆိုသည့်စိတ်ဓာတ်ဖြင့် အခြေအနေပေးသည့်အချိန်တွင် အသင်းအဖွဲ့များဖွဲ့စည်းကာ လွတ်လပ်ရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြသည်။ ၁၈၉၇ ခုနှစ်မှ စတင်၍ မော်လမြိုင်မြို့တွင် သာသနာ့ဓရအသင်း၊ မြင်းခြံမြို့တွင် ဗုဒ္ဓကလျာဏမိတ္တအသင်း၊ မန္တလေးမြို့တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်းစသည့် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။
၁၉၀၆ ခုနှစ်တွင် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကိုဆောင်ရွက်မည်ဟု ရည်မှန်းချက်ဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(ဝိုင်အမ်ဘီအေ)ကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုအသင်းကြီးသည် ဗုဒ္ဓဘာသာအသင်းဆိုသော်လည်း နယ်ချဲ့တို့၏လက်အောက်ခံဘဝမှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုများ၊ စည်းရုံးမှုများ၊ လူထုတိုက်ပွဲများဆင်နွှဲကာ နယ်ချဲ့တို့၏ ကျွန်သက်ရှည်ရေး စီမံကိန်းများကို ကန့်ကွက်ခဲ့သည်။ နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက်ခဲ့သည့် စစ်ရေး လက်နက်ကိုင်တိုက်ပွဲမှ နိုင်ငံရေးတိုက်ပွဲနည်းအသွင်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၂၀ ပြည့်နှစ်တွင် ပြည်မြို့၌ကျင်းပခဲ့သည့် ဝိုင်အမ်ဘီအေ၏ အဋ္ဌမအကြိမ်ကွန်ဖရင့်မှ ဝိုင်အမ်ဘီအေအသင်းကို မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီအေ)ဟုအမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဂျီစီဘီအေအသင်းချုပ်ကြီး၏ လှုံ့ဆော်မှုကြောင့် မျိုးချစ်စိတ်ဓာတ်များ ကိန်းအောင်းလာကြပြီး လွတ်လပ်ရေးကြိုးပမ်းမှုလှုပ်ရှားမှုများ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြသည်။
ပညာရည်နိမ့်ကျနေစေရန် ဆောင်ရွက်လာ
နယ်ချဲ့တို့သည် ရေရှည်ကျွန်ပြုနိုင်ရန်အတွက် ပြည်သူများကိုပညာရည်နိမ့်ကျနေစေရန်ဆောင်ရွက်လာခဲ့သည်။ ကိုလိုနီတို့သိမ်းပိုက်ပြီးချိန်တွင် မြန်မာလူမျိုးတို့၏ စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းခန့် ရှိခဲ့သော်လည်း ၃၅ နှစ်ခန့် အကြာတွင် စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင် နှုန်းထိ ကျဆင်းသွားခဲ့ရသည်။
ထိုစဉ်က မြန်မာနိုင်ငံ၌ အဆင့်မြင့်ပညာသင်ကြားရန်အတွက် သီးခြားတက္ကသိုလ်မရှိဘဲ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုသာရှိခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ပညာရေးစနစ်သစ်တက္ကသိုလ်အက်ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဥပဒေကြမ်းတွင် မြန်မာနိုင်ငံ၌တက္ကသိုလ်တစ်ခုသာ ရှိရမည်။ ထိုတက္ကသိုလ်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာရှိရမည်။ ထိုတစ်ကျောင်းတည်းသောကောလိပ်သည် ရန်ကုန်မြို့၌သာရှိရမည်။ သင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်။ သင်ကြားခွင့်ရသူများသည် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေကြရမည်စသည့်အချက်များပါရှိသည်။ ထိုအချက်အားလုံးသည် မြန်မာကျောင်းသားများကို ကန့်သတ်ချုပ်ချယ်ပြီး အဆင့်များ ခွဲခြားထားခြင်းဖြစ်သည်။
ထိုဥပဒေအရ ငွေကြေးတတ်နိုင်သူ လူနည်းစုသာ တက္ကသိုလ်ပညာသင်ယူခွင့်ရပြီး ပညာထူးချွန်သော်လည်း ငွေကြေးမတတ်နိုင်သူ လယ်သမား၊အလုပ်သမားနှင့် လက်လုပ်လက်စားအောက်ခြေလူတန်းစားများ၏ သားသမီးများကို ပညာဆက်လက်သင်ကြားခွင့်မရရှိအောင် ချုပ်ချယ်ကန့်သတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေကြမ်းကို ကောလိပ်ကျောင်းသားများ၊ ပြည်သူများအားလုံးက အပြင်းအထန်ကန့်ကွက်ခဲ့ကြသော် လည်း မြန်မာနိုင်ငံဒုတိယဘုရင်ခံချုပ် ဆာရယ်ဂျီနယ်ကရက်ဒေါက်က မြန်မာများသည်ပညာရေး အကြောင်းနားမလည်ဟုဆိုပြီး ကန့်ကွက်မှုများကို လျစ်လျူရှုကာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက် နေ့မှစ၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည် ပြုကြောင်း ကြေညာခဲ့သည်။
ထိုရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ် မှောက်ရန် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရွှေတိဂုံဘုရားရင်ပြင် စနေထောင့်တွင် ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးတို့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးခဲ့သည့်နေရာတွင် မော်ကွန်းကျောက်စာတိုင်ရေးထိုးထားသည်ကို ယနေ့တိုင် မြင်တွေ့နိုင်သည်။ ထိုကျောက်စာတွင် ‘‘ဤနေရာသည် မြန်မာသက္ကရာဇ် (၁၂၈၂) ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့က ရန်ကုန်ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုသောနေရာပေတည်း။ ကျောင်းသားကြီး ၁၁ ဦး၏ အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ ဘခင်
၂။ ဘိုးကွန်း
၃။ ဘဦး
၄။ အောင်ဒင်
၅။ ထွန်းဝင်း
၆။ ဖေသိန်း
၇။ ဘရှင် (သံတွဲ)
၈။ ဘရှင် (ထားဝယ်)
၉။ ကေညီပိတ်
၁ဝ။ လှတင်
၁၁။ မောင်ဧ ဟူ၍ မော်ကွန်းကျောက်စာတွင် ရေးထိုးထားသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဗဟန်းမြို့နယ်ရှိ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယကျောင်း၌ ကျောင်းသားအစည်းအဝေးကြီးကျင်းပခဲ့သည်။ ထိုအစည်းအဝေး၌ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သွားရန်၊ ပညာရေးဥပဒေကို ပြင်ဆင်ပေးရေးအတွက် တောင်းဆိုသွားရန်နှင့် တောင်းဆိုချက် များ မပေးသမျှကာလပတ်လုံး ကျောင်းပြန်မတက် ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပါအချက်များကို ကန့်ကွက်ထားသည့်စာတစ်စောင်ကို ကျောင်းသားခေါင်းဆောင် ကိုဘဦးကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဘုရင်ခံထံပေးပို့ခဲ့သည်။ ဘုရင်ခံထံမှ အကြောင်းပြန်ကြား ခြင်းမပြုသဖြင့် ကျောင်းသားများက အမျိုးသား ကျောင်းများထူထောင်ရန် သပိတ်စခန်း၌ ဂျီစီဘီအေ ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်များမှ ကျောင်းသားများက ဒီဇင်ဘာလ ၇ ရက်နေ့တွင် သပိတ်မှောက်ရန် စီစဉ်ခဲ့သော်လည်း အခြေအနေ ပြောင်းလဲသွားခြင်းကြောင့် ဒီဇင်ဘာ ၅ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ) နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်ခဲ့ကြသည်။ တက္ကသိုလ် အက်ဥပဒေသည် တက္ကသိုလ်ကျောင်းသားများသာ မက တက္ကသိုလ်ပညာသင်ယူမည့် အထက်တန်း ကျောင်းသားများပါ ထိခိုက်နိုင်သဖြင့် အထက်တန်းကျောင်းသားများလည်း ပါဝင်လာကြသကဲ့သို့ နိုင်ငံ တစ်ဝန်းရှိ မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများပါ ကျောင်းသားသပိတ်တွင် ပါဝင်လာခဲ့ကြသည်။ တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
နိုင်ငံတစ်ဝန်းအမျိုးသားကျောင်းများ ပေါ်ထွန်း
၁၉၂၁ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့သကဲ့သို့ အမျိုးသားပညာရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။
ကျောင်းသားသပိတ်ကြောင့် မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုကိန်းအောင်းလာကြသည်။ အမျိုးသားရေးစိတ်ဓာတ်ကြောင့် တောင်သူလယ်သမားအရေးတော်ပုံ၊ အလုပ်သမားသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံများ ဆင်နွှဲနိုင်ခဲ့ကြသည်။
အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ
၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ကျင်းပသည့် ဂျီစီဘီအေပြည်လုံးကျွတ်ညီလာခံက အမျိုးသားအောင်ပွဲနေ့သတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ တချို့က သီပေါမင်းပါတော်မူသော တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်နေ့ကို လည်းကောင်း၊ တချို့က ဦးဥတ္တမအဖမ်းခံရသောနေ့ကိုလည်းကောင်း သတ်မှတ်ရန် အကြံပြုခဲ့ကြသည်။ သို့ရာတွင် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကြီးတွင် ဦးဆောင်ခဲ့ကြသော ကျောင်းသားကြီး ၁၁ ဦးတို့က နယ်ချဲ့တို့အား ပထမဆုံးတော်လှန်သပိတ်မှောက်ခဲ့ကြသည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့သည်။
ထို့ကြောင့် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ဂျူဗလီဟော၌ပြုလုပ်သည့် ဂျီစီဘီအေ အထူးကွန်ဖရင့်တွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့သဖြင့် နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်မပျက်ကျင်းပလျက်ရှိသည်။
(၁၀၅) နှစ် ပြည့်မြောက်ခဲ့ပြီ
၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့သည် (၁၀၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့သည့် သမိုင်းမှတ်တမ်းတစ်ခုဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် လှုပ်ရှားမှုဖြစ်သော်လည်း နိုင်ငံသူနိုင်ငံသားများ၏ အမျိုးသားရေးစိတ်ဓာတ်ကို ထုတ်ဖော်ပြသနိုင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေး စိတ်ဓာတ်များဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းရယူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ညွှန်းပြသခဲ့သည့်နေ့တစ်နေ့ဖြစ်သည်။ တိုင်းရင်းသား ပြည်သူများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ် ဖော်ညွှန်းပြသခဲ့သည့်နေ့၊ လွတ်လပ်ရေးပြန်လည် ရရှိရေးအတွက် သန္ဓေတည်ခဲ့သောနေ့ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ကို အစဉ်အမြဲတန်ဖိုးထားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။
ကိုးကား
- သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ပြည်ထောင်စုစိတ်ဓာတ်
- ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့၏ မြန်မာအဘိဓာန်
- နေ့စဉ်ထုတ်သတင်းစာများ
