နေပြည်တော် နိုဝင်ဘာ ၁၀
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးမောင်ဝင်းလှိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစားရပါသော မဲဆန္ဒရှင်ပြည်သူအပေါင်း ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံခညောင်းပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့အတူ လိုအင်ဆန္ဒအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။
ကျွန်တော်ကတော့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးမောင်ဝင်းလှိုင်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)မှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျား-
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးရမည့်တာဝန်မှာ နိုင်ငံတော်၏တာဝန်ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်အသီးသီး ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှ အစိုးရအဖွဲ့အဆင့်ဆင့်ကို မွေးဖွားပေးရမှာဖြစ်ပါတယ်။
အစိုးရအဖွဲ့အဆင့်ဆင့်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာစသော အာဏာ(၃)ရပ်ကို လက်ကိုင်ထားလျက် လွှတ်တော်နှင့်ထိန်းညှိပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရန်ဖြစ်ပါတယ်။ ဤကဲ့သို့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများနှင့် ဖွဲ့စည်းထားသောပါတီများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးပါကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ပါတီများတည်ရှိနေမှသာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်မှာဖြစ်သလို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရှိနေမှလည်း ပါတီများဝင်ရောက်ယှဉ်ပြိုင်ကြရမှာ ဖြစ်တဲ့အတွက် “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” အမှီသဟဲပြုနေကြတာ တွေ့ရမှာဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ပြည်သူရွေးချယ်တင်မြှောက်ပေးသော လွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပီသရန် လိုအပ်သလို အလုံးစုံပါဝင်ရန်လည်း လိုအပ်ပါတယ်။ အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များအပြင် တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်များ ပါဝင်ရန်လည်း အထူးလိုအပ်ပါသည်။
အသိပညာရှင်၊ အတတ်ပညာရှင်များ တိုင်းပြုပြည်ပြုဥပဒေပြုပေးနိုင်ရန်ဖြစ်သလို လူငယ်ကိုယ်စားလှယ်များ အနာဂတ်စွန့်ဦး တီထွင်လူငယ်အရေး၊ ထက်မြက်သောလူငယ်များပေါ်ထွန်းရေး အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရန်ဖြစ်ပါတယ်။ အမျိုးသမီးတန်းတူရေးနှင့် အမျိုးသမီးထိပ်တန်း ခေါင်းဆောင်နေရာရရှိရေးအတွက် အမျိုးသမီး ကိုယ်စားလှယ်တိုးမြှင့်ပါဝင်လာနိုင်ရန် လိုအပ်ပါတယ်။ အခြေခံ ကျသောလူ့အဖွဲ့အစည်းမှ အခြေခံကျသောဒေသများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး အကောင်အထည်ဖော်ခြင်း၊ တိမ်မြုပ်နေသော ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာ၊ စာပေ၊ အနုပညာများထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်း၊ အကောင်အထည်ဖော်ခြင်း စသည့်ကဏ္ဍများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်မှာ တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်များသာ အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်ပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၌ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းနှင့် တိုင်းရင်းသားလူနည်းစု အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကို ဖြေရှင်းရန်လက်လှမ်းမမီနိုင်ကြောင်းကို သတိပြုမိပါကြောင်း ထောက်ပြလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ ခင်ဗျား-
ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပုံစနစ်သစ်၊ ရွေးကောက်ပုံစနစ်သစ်များနှင့် စစ်မှန်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ပြန်သည်ကို သိရှိပြီးဖြစ်ပါလိမ့်မယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစနစ်ကို ယခင်ပုံစံအတိုင်း မဲအများဆုံးရသူ အကုန်ယူစနစ်ဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲစနစ်တွင် မဲအများဆုံးရသူအကုန်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ယှဉ်တွဲကျင်းပပေးသွားမှာဖြစ်တဲ့အတွက် တိုင်းရင်းသားမျိုးနွယ်စုများ၏ အခန်းကဏ္ဍတစ်ဆစ်ချိုး မြင့်မားလာမည်ဟု မျှော်လင့်ရပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ ခင်ဗျား-
မြိုတိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်အကျိုး၊ မိမိဒေသအကျိုး၊ မိမိတို့၏ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာ၊ စာပေ၊ အနုပညာဆင်းသက်လာပုံသမိုင်း ထိန်းသိမ်းဖော်ထုတ်စာတမ်းပြုစုနိုင်ရေးကို ရည်ရွယ်၍ ၁၉၈၈ ခုနှစ်ကတည်းက “မြို(ခေါ်)ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့(ပါတီ)”ကို တည်ထောင်လျှောက်ထားခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ(၂၂) ရက်နေ့ရက်စွဲဖြင့် တရားဝင်နိုင်ငံရေးပါတီတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့(ပါတီ)ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့တွင် “မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ”ဟု အမည်ပြောင်းလဲခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များကို ကိုယ်စားပြုသော ပါတီတစ်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ယခုအခါ ပါတီသက်တမ်းမှာ (၃၇)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။
ဤပါတီသည် ၁၉၉၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ပါတီကိုယ်စားပြုပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ကျောက်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် သမ္မတအိမ်တော်ဝင်း(ရန်ကုန်)၌ ကျင်းပပြုလုပ်သော အမျိုးသားညီလာခံကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ တက်ရောက်အကြံပြုနိုင်ခဲ့ပါတယ်။ ဤပါတီမှ ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပသည့် အမျိုးသားညီလာခံကြီးတွင် ပါတီကိုယ်စားပြု(၅)ဦး တက်ရောက်ခဲ့ပြီး ညီလာခံပြီးဆုံးသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင်ခဲ့ပါတယ်။ စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်ဖြတ်ရင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးလုပ်ငန်းများ၊ အေးချမ်းသာယာရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အားတက်သရော ပါဝင်ခဲ့ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ ခင်ဗျား-
ဤပါတီအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့ ကျင်းပပြုလုပ်မည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် စစ်တွေမဲဆန္ဒနယ်မှ ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ ရခိုင်ပြည်နယ် မဲအများဆုံးရသူအကုန်ယူစနစ် (FPTP) စစ်တွေမဲဆန္ဒနယ်တွင် တစ်နေရာ၊ အချိုးကျကိုယ်စားပြုစနစ်(PR)တွင် (၂)နေရာပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၏ ပါတီအမှတ်တံဆိပ်မှာ “ငှက်တော်” ငှက် ဖြစ်ပါတယ်။ “ငှက်တော်”ငှက်ကို ပါတီအမှတ်တံဆိပ်အဖြစ် ရွေးချယ်ရခြင်းမှာ မြိုတိုင်းရင်းသားများ၏ ရှေးရိုးရာပုံပြင်အရ “ငှက်တော်” ငှက်သည် ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ခေါင်းဆောင်မှုပေးနိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ သီလသိက္ခာသမာဓိနှင့် ပြည့်စုံခြင်းများကို ဖော်ညွှန်းပါတယ်။
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၏ ဆောင်ပုဒ်မှာ“တိုင်းရင်းသားအားလုံးနှင့် ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေး- ဒို့အရေး” ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူအပေါင်း အေးချမ်းစွာ “မဲ”ပေးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။
