Skip to main content

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၁)နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၁) နှင့် A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကို စတင်ဖွင့်လှစ်သည့် အချိန်မှ ယနေ့အချိန်ထိ ဝိဇ္ဇာဘွဲ့ ၇၂၉ ဦး၊ သိပ္ပံဘွဲ့ ၁၅၅၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၁၂၄၈ ဦး စုစုပေါင်း ၃၅၃၆ ဦးအား ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့သဖြင့် အားရကျေနယ်ဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ့တာဝန်များကိုထမ်းဆောင်ရင်း ပိုမိုအဆင့်မြင့်သည့် ပညာရပ်များကို လေ့လာဆည်းပူး ကြိုးစားအားထုတ်သွားကြရန် အထူးမှာကြားလိုကြောင်း။

သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သောအတွေးအခေါ်၊ ခံယူချက်၊ မြဲမြံသောအကျင့်စာရိတ္တကောင်းများကို လက်ကိုင်ပြုပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာရပ်များသင်ကြားပေးခြင်းနှင့် အလုပ်အကိုင်များ ရရှိအောင်ဆောင်ရွက်ပေးခဲ့သည့် ကျေးဇူးတရားကို သိရှိနားလည်ပြီး မိမိတို့လေ့လာဆည်းပူးခဲ့သည့် အဆင့်မြင့်ပညာရပ်များဖြင့် ကျရာလုပ်ငန်းနယ်ပယ်အသီးသီး၌ လက်တွေ့အသုံးပြုပြီး နယ်စပ်ဒေသတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်၊ စစ်မှန်သော မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ဒို့တာဝန်အရေး ၃ ပါးတို့ကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်က အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်း ကောင်းများအဖြစ် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာ ရပ်နှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆုရရှိသူ နှစ်ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အင်ဂျင်နီယာထူးချွန်ဆုရရှိသူ တစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများကိုတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား ကျောင်းသူသုံးဦးအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ကာ ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ လေ့ကျင့်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြရာ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဒီဂရီကောလိပ်ရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒီဂရီကောလိပ်အတွင်းရှိ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားနေမှု၊ မိုးလုံလေလုံအားကစားရုံတည်ဆောက်ရေးလုပ်ငန်းနှင့် ကျောင်းသား ကျောင်းသူများ၏ အခြေခံစစ်ပညာ သင်တန်း လေ့ကျင့်သင်ကြားနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယာဉ်၊ ယန္တရားများ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှု၊ ထောက်ပံ့ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်