Skip to main content

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၂) သင်တန်းဖွင့်

နေပြည်တော် နိုဝင်ဘာ ၁၀

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရည်မြင့်မားရေးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းတွင် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်နှင့် ဗဟုသုတများ ပြည့်ဝရန်လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်မည့် ကျောင်းသား၊ လူငယ်များအား ပညာကိုဆုံးခန်းတိုင်သင်ယူနိုင်စေရန်၊ စာတော်ရုံသာမက လိမ္မာယဉ်ကျေးပြီး ဘက်စုံထူးချွန်သည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်ကာ အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်လာစေရန် ဦးတည်သင်ကြားပေးရမည်ဖြစ်ကြောင်း။

သို့အတွက် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ ကျောင်းသားလူငယ်များအား နိုင်ငံချစ်စိတ်ရှိပြီး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာ၊ ဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှု၊ အကျင့်စာရိတ္တနှင့် ကျင့်ဝတ်စသည့် ရုပ်ပိုင်း၊ စိတ်ပိုင်းအရည်အသွေးများအပြင် စဉ်းစားတွေးခေါ်မှု မြင့်မားသောသူများဖြစ်လာအောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် အထူးလိုအပ်ပါကြောင်း၊ “မိဘဆရာ ပူးပေါင်းကလေးပညာကောင်း” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာရည်တိုးတက်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ အတူလက်တွဲကာ အနာဂတ်၏ ရင်သွေးလေးများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးအာမခံနိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ဖြစ်စေရေး သင်ကြားလေ့ကျင့်ပေးကြရန် တိုက်တွန်းမှာကြားသည်။

သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၈၈ ဦး၊ သင်တန်းသူ ၃၄၂ ဦး စုစုပေါင်း ၄၃၀ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။

ယင်းနောက် ရာထူးဝန်ဥက္ကဋ္ဌသည် တက္ကသိုလ်မှတာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ရှိ အုပ်ချုပ်မှုဆိုင်ရာရုံးဌာနများနှင့် သင်တန်းများ လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မန္တလာဆောင်တွင် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)မှ သင်တန်းသူ၊ သင်တန်းသားများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်