မြန်မာနိုင်ငံ ကျွန်ဘဝမကျရောက်မီက မိရိုးဖလာပညာရေးစနစ်ဖြစ်သော ဘုန်းကြီးကျောင်းပညာရေးစနစ်ရှိခဲ့ပြီး မြန်မာလူမျိုး ၈၅ ရာခိုင်နှုန်းခန့် စာရေးစာဖတ်တတ်မြောက်ခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သွားသည့်အခါ ပညာရေးအတွက် ငွေကြေးထောက်ပံ့မှုမရှိခဲ့။ မြို့ငယ်များနှင့် ကျေးလက်ဒေသများတွင် အစိုးရစာသင်ကျောင်းဟူ၍လည်း လုံးဝမရှိ။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်ရောက်သောအခါ စာရေးစာဖတ်တတ်သူ ၃၅ ရာခိုင်နှုန်းသာရှိသည့် အခြေအနေသို့ နိမ့်ဆင်းသွားခဲ့သည်။
၁၈၈၅ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၃၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အင်္ဂလိပ်-မြန်မာစာသင်ကျောင်း ၄၉ ကျောင်းနှင့် ပြင်ဦးလွင်(မေမြို့)တွင် အင်္ဂလိပ်လူမျိုးများသာ တက်ခွင့်ရှိသည့်ကျောင်းတစ်ကျောင်း စုစုပေါင်းကျောင်း ၅၀ ခန့်သာရှိခဲ့ပြီး မြို့ကြီးခုနစ်မြို့တွင် အထက်တန်းကျောင်းခုနစ်ကျောင်းသာရှိခဲ့သည်။ အဆင့်မြင့်ပညာများ သင်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍မရှိသေး။ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် ဂျဒ်ဆင်ကောလိပ်ဟူ၍ ကောလိပ်နှစ်ခုသာရှိခဲ့ပြီး ကောလိပ်နှစ်ကျောင်းပေါင်းမှ ကျောင်းသား ၈၀၀ ကျော်သာရှိခဲ့သည်။
နယ်ချဲ့အစိုးရသည် မြန်မာလူမျိုးတို့အား ကောင်းမွန်သော၊ မှန်ကန်သောပညာရေးကိုမပေး။ မြန်မာတို့ ကျွန်သက်ရှည်ရေးအတွက် ပညာရေးစီမံကိန်းများရေးဆွဲပြီး ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို အလုပ်အကျွေးပြုနိုင်မည့် စာရေးစာချီအလုပ်မျိုးလောက်သာ လုပ်နိုင်စေမည့် အဆင့်နိမ့်ပညာရေးမျိုးကိုသာပေးထားခဲ့သည်။ နေမဝင်အင်ပါယာကြီးကို အထင်ကြီးလေးစားစေရန်၊ အင်ပါယာသစ္စာတော်ခံ အတွေးအခေါ်ပြန့်ပွားစေရန်အတွက်မျှသာ ပညာသင်ပေးနေခြင်းဖြစ်ရာ မြန်မာတိုင်းရင်းသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ နိမ့်ကျခဲ့ပြီး အမျိုးသားယဉ်ကျေးမှုလည်း တိမ်ကောမယောင်ဖြစ်ခဲ့ကာ အမျိုးသားရေးဇာတိမာန်တို့လည်း အားနည်းခဲ့ရသည်။
အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ်ဥပဒေမူကြမ်းကိုအကြောင်းပြုကာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်) တွင် ထွက်ပေါ်လာသည့် ကျောင်းသားသပိတ်သည် နယ်ချဲ့အစိုးရ၏ ဩဇာအာဏာကို ပထမဦးဆုံး စတင်ဆန့်ကျင်မှုပင်ဖြစ်သည်။ ကိုလိုနီပညာရေးစနစ်တစ်ခုတည်းကိုသာ ဆန့်ကျင်မှုသက်သက်မျှမဟုတ်ဘဲ တစ်မျိုးသားလုံး၏ အသိစိတ်တွင် အမျိုးသားရေးစိတ်ဓာတ်နိုးကြားတက်ကြွလာစေရန် နှိုးဆော်တိုက်တွန်းမှုလည်းဖြစ်ခဲ့သည်။ နယ်ချဲ့တို့ကို ထိပ်တိုက်ရင်ဆိုင်အန်တုပြီး စိတ်ဓာတ်ရေးရာအရ အောင်ပွဲရခဲ့ခြင်းလည်းဖြစ်သည်။
၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက် မန္တလေးမြို့တွင်ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေ (အမျိုးသားအဖွဲ့ချုပ်) ကွန်ဖရင့်ကြီးတွင် အမျိုးသားနေ့သတ်မှတ်ရေး ဆွေးနွေးခဲ့ကြရာ သူရိယသတင်းစာ ဦးတုတ်ကြီးက သီပေါဘုရင်ပါတော်မူသောနေ့၊ ပျဉ်းမနား-အေလာ ဦးဒွေးက ဆရာတော် ဦးဥတ္တမ ထောင်ကျသောနေ့စသည်တို့ကို သတ်မှတ်ရန် အသီးသီးဆွေးနွေးကြသည်။ ဂျဒ်ဆင်ကောလိပ်မှ ဦးမြင့်က ထိုနေ့များသည် မင်္ဂလာမရှိ၊ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်သောနေ့သည် အင်္ဂလိပ်ဩဇာအာဏာကို ပထမဆုံးတော်လှန်ပုန်ကန်ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး နိုးကြားထကြွသတိရလာကြပြီး ဝံသာနုရက္ခိတတရား ထွန်းကားလာသည်။ ထိုအကျိုးအကြောင်းတို့ကို ထောက်ထားပြီး ကျောင်းသားများ သပိတ်မှောက်သောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အဆိုတင်သွင်းခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ကို ပေါ်ထွန်းလာစေခဲ့သော ပထမတက္ကသိုလ်ကျောင်းသားသပိတ်သည် မြန်မာတစ်မျိုးသားလုံး၏ ဇာတိသွေး ဇာတိမာန်၊ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ စည်းလုံး ညီညွတ်မှုတို့ကို ဖန်တီးစေ့ဆော်ပေးနိုင်ခဲ့ပြီး နိုးကြားတက်ကြွလာသည့် မျိုးချစ်စိတ်ဓာတ်ကို လက်ဆင့်ကမ်းကာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးဆီသို့ရောက်အောင် တစ်မျိုးသားလုံးကို လမ်းပြပေးနိုင်ခဲ့သည်။ ယခုနှစ်ဆိုလျှင် အမျိုးသားအောင်ပွဲနေ့မှာ ၁၀၅ နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ နိုင်ငံနှင့် လူမျိုး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် ထာဝရရှင်သန်ထက်မြက် နေစေအပ်သောအရာဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်ကို အစွန်းရောက်အောင်မြှင့်တင်ပြီး ကွဲပြားခြားနားမှုများ၊ အမုန်းတရားများ ဖြစ်ပေါ်စေခြင်းသည်လည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်ကို ပါးလျားပျောက်ပြယ်သွားစေရန် ပြုလုပ်ခြင်းသည်လည်းကောင်း အန္တရာယ်ကိုဖြစ်ပေါ်စေသည်။ ပစ္စက္ခကာလတွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေပြီး ယင်းအတွက် အဓိကလိုအပ်ချက်မှာ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးဖြစ်ရာ “ငါတို့အားလုံးသည် မြန်မာ”ဟူသော အမျိုးသားရေးစိတ်ဓာတ်ဖြင့် တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
