Skip to main content

ကျောက်ကြီးမြို့နယ်၌ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ကျောက်ကြီး နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် တွေ့ဆုံကာ ဒေသဖွံဖြိုး ရေးလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ မြို့နယ်လမ်းဦးစီးဌာန၏ လမ်းလုပ်ငန်း လျာထားချက်များ၊ ကျေးလက်လမ်း ဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ပညာရေးဦးစီးဌာန၏ စာသင်ဆောင် ဆောက်လုပ်နေမှုများအား မေးမြန်းဆွေးနွေးပြီး ကျန်းမာရေးဦးစီးဌာန လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များရှိ/မရှိ၊ မြို့နယ်လျှပ်စစ် မှ ကျေးရွာအရောက် မီးလင်းရေးဆောင်ရွက်နေမှုများအား ကြန့်ကြာမှုမရှိစေရေး  လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျန်ရှိနေသော ဌာနဆိုင်ရာများ၏ မိမိတို့ဌာန လိုအပ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့အား မေးမြန်းဆွေးနွေးပြီး ညနေ(၃)နာရီအချိန်တွင် ရွှေကျင်မြို့နယ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
 K ခိုင်ပြန်/ဆက်