အမျိုးသားဟူသော စကားရပ်နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုအမျိုးမျိုးရှိသည်။ အမျိုးသားဟူသည် တူညီသည့်ကံကြမ္မာဖြင့် စုစည်းလျက်ရှိသည့် လူထုတစ်ရပ်၊ တူညီသည့်သမိုင်းကြောင်း၊ တူညီသည့်အမျိုးသားစရိုက်လက္ခဏာ၊ တူညီသည့်ဘာသာစကားတို့နှင့်အတူ နေထိုင်ကြသူများဟူသော ဖွင့်ဆိုချက်မျိုးရှိသကဲ့သို့ ကိုယ်ပိုင်နိုင်ငံရှိသော လူမျိုးဟူ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုမျိုးလည်းရှိသည်။
အမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံတစ်နိုင်ငံတည်ဆောက်ရန်အရေးပါသကဲ့သို့ နိုင်ငံတစ်နိုင်ငံတည်တံ့ခိုင်မြဲရန်အတွက်လည်း အရေးပါသည်။ အမျိုးသားရေးစိတ်ဓာတ်က လူထုကို အင်အားစုတစ်ရပ်ဖြစ်လာအောင်စုစည်းပေးနိုင်သည့်အလျောက် အခြားနိုင်ငံနှင့်လူမျိုးများအပေါ် ကျူးကျော်အုပ်စိုးရာတွင် အသုံးချခဲ့သည်ကိုတွေ့ရှိနိုင်သလို တိုင်းတစ်ပါးလက်အောက်မှလွတ်မြောက်ရေး လှုပ်ရှားကြိုးပမ်းမှုတွင်လည်း အမျိုးသားရေးစိတ်ဓာတ်ကိုလှုံ့ဆော်အသုံးချခဲ့ကြသည်ကို ကမ္ဘာ့သမိုင်းတွင်ရော မြန်မာ့သမိုင်းတွင်ပါ တွေ့ရှိနိုင်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံညီလာခံမိန့်ခွန်းတွင် “ရှေးအခါက လူမျိုးရေး တရားကြောင့် တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားခဲ့ကြပေသည်။ ယခုအခါ၌ လူမျိုးရေးတရားသစ်ကြောင့် တစ်မျိုးနှင့်တစ်မျိုး ရင်းနှီးစုရုံးကြပြန်ပေသည်။ ဤသည်ကိုထောက်ခြင်းအားဖြင့် အမျိုးသားအရေးကိစ္စ၏ အဓိပ္ပာယ်သည်ခေတ်အားလျော်စွာပြုပြင်ပြောင်းလဲလျက်ရှိနေသည်ကို သိရှိသင့်ကြပေသည်။ တစ်နည်းအားဖြင့်ကြည့်ပြန်မူ မိမိအမျိုးကိုသာ တစ်ဖက်သတ်စိတ်ထားနှင့် ကြီးပွားစေလိုသောဆန္ဒရှိ၍ ဖက်ဆစ်ဝါဒကြောင့် ဂျာမန်လူမျိုးတို့ ပျက်စီးရပုံကိုမြင်ကြရပြန်၏။ ဂျာမနီပြည်တွင် ဂျာမန်တို့၏ပြင်းပြသောမျိုးချစ်စိတ်ကို လမ်းကောင်းသို့မပို့ဘဲ လမ်းမှားသို့ပို့သော ဖက်ဆစ်ဝါဒလူစုကြောင့် အတိဒုက္ခရောက်ကြရပေပြီ။ သို့အတွက်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝံသာနုစိတ်ကို အလွဲသုံးစားမပြုဘဲလျက်(ဝါ)မျိုးချစ်စိတ်ကို အတိဒုက္ခရောက်အောင် အသုံးမပြုဘဲလျက် အမြင်ကျယ်ကျယ်နှင့် သဘောကြီးစွာဆောင်ရွက်သင့်ကြပေသည်။” ဟု ပြောကြားခဲ့သည်။
သို့ဖြစ်ရာ အမျိုးသားရေးကို အနက်အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားစေမှုကို ရှောင်ကြဉ်၍ လူမျိုးတစ်မျိုးနှင့်တစ်မျိုးရင်းနှီးစုရုံးကြရန်သာ ဖွင့်ဆိုကြရမည်ဖြစ်သည်။ အတိတ်သမိုင်းတွင် မိမိတို့နိုင်ငံနှင့် နိုင်ငံအတွင်းမှီတင်းနေထိုင်သောလူမျိုးများအားလုံးမှာ တိုင်းတစ်ပါးမှကျူးကျော်ဝင်ရောက် သိမ်းပိုက်အုပ်စိုးမှုကိုခံခဲ့ကြရသည်။ ကိုလိုနီဘဝကျရောက်ခဲ့စဉ်ကာလအတွင်း ဤတိုင်း၊ ဤပြည်၊ဤမြေပေါ်၌ အတူတကွအစဉ်တစိုက်နေထိုင်ခဲ့ကြသူများအကြား သွေးခွဲအုပ်ချုပ်မှုကိုခံခဲ့ကြရသလို အမျိုးသားရေး လက္ခဏာများ၊ အမျိုးသားရေးစိတ်ဓာတ်များ အားနည်းလျော့ပါးစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်မှုကိုလည်း ခံခဲ့ကြရသည်။
နယ်ချဲ့လက်အောက်တွင် အခိုက်အတန့်အားဖြင့်ပျောက်ကွယ်သွားခဲ့သော အမျိုးသားရေးစိတ်ဓာတ်မှာ ၁၉၂၀ ပြည့်နှစ်တွင် အမျိုးသားပညာရေးကိုအကြောင်းပြု၍ အင်အားကြီးမားစွာ ပြန်လည်ပေါ်ပေါက်လာခြင်းနှင့်အတူ နယ်ချဲ့အုပ်စိုးသူကို ပထမဆုံးအကြိမ်အဖြစ်ရင်ဆိုင်အန်တုခဲ့သည်။ ပေါင်းစည်းညီညွတ်မှုအင်အားဖြင့် ပြန်လည်ရှင်သန်ထွက်ပေါ်လာခဲ့သော အမျိုးသားရေးစိတ်ဓာတ်သည် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပိုမိုရင့်သန်ခိုင်မြဲလာခဲ့ပြီး နိုင်ငံနှင့်လူမျိုးကို လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သောဘဝသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်။
မျက်မှောက်ကာလတွင် ကမ္ဘာ့အခြေအနေသည် ပြောင်းလဲလျက်ရှိနေပြီး မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ ပြည်တွင်းစည်းလုံးညီညွတ်မှုဖြင့် အင်အားအခိုင်အမာတည်ဆောက်ထားရန်လိုအပ်လျက်ရှိသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုတည်ဆောက်နေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့်အမျိုးသားရေးကို နိုင်ငံနှင့်လူမျိုးတို့အကျိုးစီးပွားအတွက် ပြည်ထောင်စုဖွားတစ်မျိုးသားလုံးရင်းနှီးစုရုံးကြရန်၊ စည်းလုံးချစ်ကြည်ရန်ဦးတည်၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုကြရပါမည့်အကြောင်း။ ။
