Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ် “Chaldony”  State Song and Dance Ensemble အဖွဲ့မှ ဂုဏ်ပြုဖျော်ဖြေသည့် ပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသမှ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရသည့် ပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရသည့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ကာ အလေးပြု၍ ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသမှ ထင်ရှား သည့် “Chaldony” State Song and Dance Ensemble အဖွဲ့မှ တင်ဆက်မည့်ဖျော်ဖြေပွဲတွင် အားလုံးကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ယနေ့ နေ့လယ်ခင်းသည် အဓိပ္ပာယ်ပြည့်ဝပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အချိန်အခါလည်းဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ပညာရေးနှင့် အနုပညာအပါအဝင် ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံပြီး ခိုင်မြဲသည့် သံတမန်ဆက်ဆံမှုကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၇၇) နှစ်ပြည့်မြောက် ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း။

ကာကွယ်ရေး၊ ပညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုအပါအဝင် နယ်ပယ်များစွာ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံပြီး မိမိတို့နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာရှည်ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း နိုဗိုစီဗစ်နှင့် မြန်မာအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း မိမိအနေဖြင့် ရုရှားနိုင်ငံကို သွားရောက်ခဲ့သည့်ခရီးစဉ်၌ အဆွေတော်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေး ဖိတ်ကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ သာယာလှပမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင်ကိုယ်ကျ ခံစားရှုမြင်ပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း။

နိုဗိုစီဗစ်ဒေသ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်လာသည့် “Chaldony” State Song and Dance Ensemble ၏ ယနေ့ဖျော်ဖြေပွဲမှတစ်ဆင့် နိုဗိုစီဗစ်ဒေသ၏ အနုပညာရသနှင့် ဆိုက်ဘေးရီးယန်း အနုပညာများကို မိမိတို့ မြန်မာများ ကြည့်ရှုခံစားနိုင်ရုံသာမက နှစ်နိုင်ငံပြည်သူများ အချင်းချင်း အကြား ခိုင်မြဲသည့်ချစ်ကြည်ရင်းနှီးမှုကိုလည်း ထပ်လောင်းအတည်ပြုနိုင်မည်ဖြစ်ကြောင်း။

အနုပညာဆိုသည်မှာ လူသားတို့၏ယဉ်ကျေးမှုနှင့် စိတ်ဝိညာဉ်ကို ဖော်ပြလျက်ရှိကြောင်း၊ အနုပညာသည် အတားအဆီးအားလုံးကို ကျော်ဖြတ်ပြီး အလှတရား၊ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို မျှဝေခံစားစေခြင်းဖြင့် လူသားအားလုံးကို ချစ်ကြည်ရင်းနှီးမှုဖြင့် ပေါင်းစည်းပေးပါကြောင်း၊ ထို့ကြောင့် ယနေ့ ဖျော်ဖြေပွဲသည် ယဉ်ကျေးမှုဖလှယ်ရေး၊ ဖျော်ဖြေရေး သက်သက်သာမဟုတ်ဘဲ မိမိတို့ နှစ်နိုင်ငံအကြား နွေးထွေးရင်းနှီးသည့် ဆက်ဆံရေးကို များစွာ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။

ထို့ကြောင့် အားလုံးအတွက် တေးဂီတ၊ ခင်မင်မှု၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် မင်္ဂလာအချိန်အခါဖြစ်ပါစေဟု ဆုတောင်းလိုက်ပါကြောင်း၊ ယနေ့ဖျော်ဖြေပွဲမှသည် ရှေ့ဆက်၍ မိမိတို့ဒေသများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် စိတ်အားထက်သန်မှုများကို ထပ်လောင်းအားဖြည့်နိုင်ပါစေကြောင်းနှင့် မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသတို့အကြား ကောင်းမွန်ခိုင်မာပြီး နောင်မျိုးဆက်သစ်များစွာတိုင် ဆက်လက်ရှင်သန်ထွန်းကားပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ ထူးခြားလှပသည့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခွင့်ရရှိသည့်အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဆိုက်ဘေးရီးယား လူမျိုးများကို ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုဧည့်ခံမှု၊ မိမိတို့၏ယဉ်ကျေးမှုနှင့်အနုပညာအပေါ် စိတ်ဝင်စားမှု များအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ သည် ကြွယ်ဝမှုနှင့်နက်ရှိုင်းမှုတို့၌ ထင်ရှား ပေါ်လွင် အံ့သြဖွယ်ရာဖြစ်ပြီး ယခုကဲ့သို့ ကြွယ်ဝမှုများသည် မြန်မာနိုင်ငံသားတို့၏ ရိုးသားပွင့်လင်းမှုများကို တွေ့မြင်စေရပါ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နယ်မြေပေါ်တွင် လူမျိုးပေါင်းတစ်ရာ ကျော်မျှနေထိုင် ကြသော်လည်း၊ မိမိတို့အားလုံးသည် တူညီသောသမိုင်းကြောင်းနှင့် တူညီသောကံကြမ္မာတို့ဖြင့် စည်းလုံးညီညွတ်လျက်ရှိပါကြောင်း။

“Chaldony” ဟူသောအမည်သည် မိမိတို့နိုင်ငံ၏ သမိုင်းနှင့် နက်ရှိုင်းစွာဆက်စပ်နေပြီး ရှေးဟောင်း ဆိုက်ဘေးရီးယားလူမျိုးများ၊ ရုရှားလူမျိုးများ၊ ဆိုက်ဘေးရီးယား၏ ပထမဆုံးအောင်နိုင်သူများကို ကိုယ်စားပြုပါကြောင်း၊ အဆိုပါအဖွဲ့ဟာ ရိုးရာဓလေ့များကို ဂရုတစိုက် ထိန်းသိမ်းပြီး ဆိုက်ဘေးရီးယား၏ သီချင်းနှင့် ဂီတအမွေအနှစ်ကို ကိုယ်စားပြုပါကြောင်း၊ ယနေ့တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၌ ဂုဏ်ယူစွာ ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်ပြီး ဆိုက်ဘေးရီးယား ယဉ်ကျေးမှု၊ အနုပညာနှင့် အပျော်ရွှင်ဆုံးရင်းနှီးမှုရရှိပါစေရန် ဆုတောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများသည် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ကြရာတွင် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက အဆိုအကနှင့် ဂီတအနုပညာများကို သဟဇာတဖြစ်စွာဖြင့် ကြွယ်ဝ များပြားလှသည့် ဂန္ထဝင်ပုံစံများ၊ ရိုးရာဓလေ့ပုံစံများကို အခြေခံ၍ ရုရှားရိုးရာတေးသီချင်းများ၊ ဆိုက်ဘေးရီးယားဒေသဂီတနှင့် တေးသီချင်းများကို ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုများဖြင့် တင်ဆက်ခဲ့ကြသည်။ ထို့ပြင် “ပေါင်မုန့်သည်အရာရာ” ဟု အမည်ရသည့် တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုအပြီး၌ နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့ထံသို့ ဧည့်ဝတ်ကျေပွန်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ကျေးဇူး တင်ရှိပြီး နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ကို မျှဝေလိုသည့်အနေဖြင့် ရုရှားရိုးရာဓလေ့ထုံးတမ်းစဉ်လာဖြစ်သည့် ပေါင်မုန့်နှင့်ဆားတို့ကို ယူဆောင်၍ တည်ခင်းဧည့်ခံ ဂါရဝပြုကြသည်။

ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များအားလည်းကောင်း၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များအားလည်းကောင်း ဂုဏ်ပြုပန်းခြင်းများကို ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် ယဉ်ကျေးမှုအထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အထူးဖန်တီးထားသည့် “လတ်တီး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်