Skip to main content

ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ စ၍ နေ့စဉ် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနှင့် ည ၈ နာရီတို့တွင် ထုတ်ပြန်ကြေညာသွားမည်

နေပြည်တော် နိုဝင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် များ၏ အမည်စာရင်း များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပြန်ပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်များ ဆက်လက်ထုတ်ပြန်ခြင်း နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် တွေကို အမြန်ဆုံးထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရင်က မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ အချိန်တွေမှာ သုံးကြိမ် ထုတ်ပြန်ပေး လျက်ရှိပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ ကလည်း ရွေးကောက်ပွဲရလဒ်တွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ စဉ်ဆက် မပြတ် ပေးပို့လျက်ရှိပါတယ်။ ဒီရလဒ်တွေ ကို စိစစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နောက်နေ့ ထုတ် သတင်းစာ၊ UEC Websiteနဲ့ UEC Facebook Page တွေကနေ အချိန်နဲ့တစ်ပြေးညီ သတ်မှတ်ထားတဲ့အတိုင်း ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။

“ ဒီလို ဆောင်ရွက်ရာမှာ ပိုပြီး လျင်လျင်မြန်မြန်နဲ့ ပြည့်ပြည့်စုံစုံ ထုတ်ပြန်နိုင်ရေးအတွက် မနက်ဖြန် နိုဝင်ဘာ လ ၁၁ ရက်နေ့ကစပြီး နေ့စဉ် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ လေးကြိမ် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နံနက် ၉ နာရီအချိန်မမီ လိုက်တဲ့အတွက် နံနက် ၁၀ နာရီကနေစပြီး ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း လေးကြိမ်ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြည်သူများ အမြန်ဆုံးသိရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ရွေးကောက်ပွဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်တဲ့အခါမှာ တိကျဖို့၊ မှန်ကန်ဖို့က အရေးကြီးပါတယ်။ သက်ဆိုင်ရာမဲရုံတွေက ရလဒ်တွေကို မြို့နယ်တွေမှာ စုစည်းပါတယ်။ အမျိုးသားလွှတ်တော် နေရာအတွက်ဆိုရင် ခရိုင်တွေမှာ စုစည်းရတာလည်း ရှိပါတယ်။ ပြီးတော့မှ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ စုစည်းစိစစ်ပြီးမှ ထုတ်ပြန်ကြေညာတာ ဖြစ်ပါ တယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန်ကြေညာပိုင်ခွင့်ရှိပါတယ်။ အလားတူ သူတို့ ထုတ်ပြန်တာနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ပေးပို့ပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပေးပို့လာတဲ့ရလဒ်တွေကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်ပါတယ်။ အားလုံး ကတော့ ရလဒ်တွေကို မြန်မြန်ဆန်ဆန် သိချင်ကြမှာပဲ ဖြစ်တယ်။ ကျွန်တော်တို့ကလည်း မြန်မြန်ဆန်ဆန် ထုတ်ပြန် နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။ ရွေးကောက်ပွဲက နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြီးတယ်။ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၉ ရက် နေ့မှာ ရလဒ်တွေကို စိစစ်ရတဲ့အပိုင်း၊ ပို့ရတဲ့ အပိုင်းတွေကြောင့် ထုတ်ပြန်မှုဟာ အရေအတွက်နည်းကောင်း နည်းမှာပါ။ ဒါပေမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး နောက်ရက်တွေမှာ အရေအတွက်များများ၊ မြန်မြန်နဲ့ မှန်မှန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

ဟန်လင်းနိုင်၊ ကျော်ဟိန်း