Skip to main content

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၉

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ကနိုင်ငံတော်ဖွဲ့စည်းပုံဥပဒေ(မူကြမ်း) ရေးဆွဲရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အပေါ်မရှင်းလင်းသည့်အကြောင်းအရာများကို ပြန်လည်ဆွေးနွေးပြီး ယင်းဥပဒေ (မူကြမ်း)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရေးကြီးသည့်ဥပဒေဖြစ်သဖြင့် လတ်တလောပြဋ္ဌာန်းရန် လိုအပ်ခြင်း ရှိ/မရှိ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်