နေပြည်တော် အောက်တိုဘာ ၂၉
၂၀၂၄ ခုနှစ် စက်တင်ဘာအတွင်း ကြုံတွေ့ခဲ့ရသည့် ရာဂီစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ်ရေကြီး ရေလျှံမှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းတို့ရှိ အချို့နေရာများတွင်ရထား လမ်းတာပေါင်များ၊ တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့ခြင်း၊ မြေပြိုကျ၍ ပျက်စီးခြင်းစသည်တို့ ကြုံတွေ့ခဲ့ရပြီး လမ်းပိုင်းအလိုက် ဦးစားပေးပြုပြင် နိုင်ခဲ့သဖြင့် သာစည်-ရွှေညောင် လမ်းပိုင်းတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှစ၍ အပတ်စဉ် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားအား သောကြာနေ့နှင့် အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားအား တနင်္လာနေ့များတွင် ပုံမှန် ပြေးဆွဲပေးလျက်ရှိရာ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ သာစည်မှ တောင်ကြီးအထိ ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ အမှတ်(၁၄၁) အဆန်ရထားသည် သာစည်မှ နံနက် ၅ နာရီ ထွက်ခွာ၍ တောင်ကြီးသို့ ညနေ ၆ နာရီခွဲတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် တောင်ကြီးမှ နံနက် ၆ နာရီ ထွက်ခွာ၍ သာစည်သို့ ည ၇ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်ပြီး ဘူတာစဉ်အလိုက် ရပ်တန့် ပေးသွားမည်ဖြစ်ကာ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ငွေကျပ် ၁၂၀၀၀၊ အထက်တန်းငွေကျပ် ၁၄၀၀၀ ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အတွင်း ရာဂီစူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အေးသာယာ-ပေါမူ-ထီသိမ်ဘူတာအကြား ရထားလမ်းပိုင်းပြုပြင်ခြင်း၊ လမ်းအူကြောင်းအသစ် တည်ဆောက်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ထီသိမ်ရထားလမ်းအဝိုင်းပတ်တာပေါင်ပြုပြင် ခြင်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ၂၇ ရက်အထိ ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် ဝန်ချိန်ပြည့်ရထား စမ်းသပ်မောင်းနှင်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့မှုကြောင့် တောင်ကြီးမြို့၏ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည့် ကာလအတွင်း ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများအနေဖြင့် တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး တောင်ကြီး-ပေါမူခရီးစဉ် ကိုလည်း ယခင်အတိုင်း အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်သည် ၁၁ ဒသမ ၄၁ မိုင်ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင် ထွက်ခွာကာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစား နိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ် ကြောင်း၊ ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါရထားသည် ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး တောင်ကြီး ဘူတာသို့ မွန်းလွဲ ၁၂ နာရီ ခွဲတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ပြီး ပြေးဆွဲမည့်ရထားတွဲဆိုင်းကို မြင်းကောင် ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း တစ်တွဲ၊ ရိုးရိုးတန်းသုံးတွဲနှင့်ရထားထိန်းတွဲတစ်တွဲဖြင့် ပြေးဆွဲ သွားမည်ဖြစ်ကာ တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားအနေဖြင့် အထက်တန်းတွဲအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်ကြောင်း သိရသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်လိုက်ပါစီးနင်းမည့် ခရီးသွားပြည်သူများသည် တောင်ကြီးမြို့မှ စတင် ထွက်ခွာသည်နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်း များကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင်အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယ ဘဝသံသရာတံတားအား ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထား ဆိုက်ရောက်ရပ်နားချိန် မိနစ် ၃၀ အတွင်း ဘူတာ အထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ်နှင့် ဘဝသံသရာတံတားအား အပေါ်စီးမှနေ၍ ကြည့်ရှု နိုင်ခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများ ကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများစသည့် တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်း တို့ဖြင့် စိတ်လက်အေးချမ်းပျော်ရွှင်မှုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
