Skip to main content

သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သော သစ်လွင်သူနာပြု ၁၇၄ ဦးကို ခန့်အပ်တာဝန်ပေး

နေပြည်တော် အောက်တိုဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သော သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည် တော်၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယခုအလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာဆရာမများအနေဖြင့် နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် ထမ်းရွက်ရာတွင် မိမိတို့ တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြုဆရာ ဆရာမများလိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်သည့်ခံယူချက်ရှိသည့် သူနာပြုဆရာ ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ မိမိတို့သူနာပြုအသက်မွေးဝမ်း ကျောင်းလုပ်ငန်းတာဝန်များနှင့်အညီ ဂုဏ်သိက္ခာရှိရှိ၊ တင့်တင့်တယ်တယ်၊ စည်းကမ်းရှိရှိပြုမူ နေထိုင်စေလိုပါကြောင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရာတွင်ဖော်ရွေစွာ ပြောဆိုဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) အောင်မြင်သူ ၈၄ ဦးနှင့် သူနာပြုတက္ကသိုလ် (မန္တလေး)မှ သူနာပြု သိပ္ပံဘွဲ့(ပုံမှန်)အောင်မြင် သူ ၉၀ စုစုပေါင်း ၁၇၄ ဦး ကိုယ်စား သစ်လွင်သူနာပြုနှစ်ဦးကို ခန့်အပ်တာဝန်ပေးအပ်သည့်ဌာနဆိုင်ရာ အမိန့်စာများပေးအပ်ပြီး သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ တာဝန် ပေးအပ်သည့် ဌာနဆိုင်ရာအမိန့် စာပေးအပ်ပွဲအပြီး သစ်လွင်သူနာပြုများကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များကသစ်လွင်သူနာပြုများနှင့်အတူ လန်းဆန်းစာများကို ရင်းနှီးချစ်ခင်စွာ အတူတကွသုံးဆောင်ကြသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ နှင့် မေလတို့တွင် သူနာပြု ၃၂၈၇ ဦးတို့ကို သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 သတင်းစဉ်