Skip to main content

ကိုရီးယားနိုင်ငံရဲ့အကူအညီနဲ့ စွမ်းအားမြှင့်မီးဖိုစီမံကိန်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုမဖြစ်အောင်၊ ထင်းသုံးစွဲမှုလျှော့ချနိုင်အောင် မီးဖိုထောက်ပံ့ရေးစီမံကိန်းတွေ ဆောင်ရွက်ခဲ့ပါတယ်

ကျေးလက်နေပြည်သူလူထု၏ စုပေါင်းဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုအားဖြင့်အကောင်အထည်ဖော်စေပြီး ရပ်ရွာအခြေပြုကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနည်းဗျူဟာ ဖွံ့ဖြိုးလာစေရန်၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူကျေးရွာသားများ၊ စီမံကိန်းတွင်ပါဝင်သည့် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများပေးခြင်းဖြင့် အသိအမြင်များပြောင်းလဲလာပြီး စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စံပြကျေးရွာများဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ပြီး မြန်မာနိုင်ငံ၏ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့်နည်းလမ်းများကို ညွှန်ပြပေးနိုင်ရန်ရည်ရွယ်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာ ၂၅၀ တွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရည်ရွယ်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆောင်ရွက်လျက်ရှိ သည့် အခြေအနေနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါ သည်။

မေး။   ။        မံကိန်းကို  ဘယ်အချိန်ကနေ  စတင် ဆောင်ရွက်တယ်ဆိုတာ သိပါရစေ။

ဖြေ။   ။ စီမံကိန်းမှာ မြန်မာနိုင်ငံက တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက  ကျေးရွာပေါင်း ၁၁၀ ကို ရွေးချယ်ပြီး စတင်ခဲ့ပါတယ်။ နေပြည်တော်မှာ ကျေးရွာ ၄၀၊ တနင်္သာရီ၊ ပဲခူး၊ မွန်နဲ့ ရခိုင်မှာ ငါးရွာစီ၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ မန္တလေးမှာ ၁၀ ရွာစီနဲ့ ကျေးရွာစုစုပေါင်း ၁၁၀ နဲ့  စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ စီမံကိန်းကျေးရွာ ၂၅၀ ရှိလာပြီ ဖြစ်ပါတယ်။ စီမံကိန်းက ၂၀၁၂ ခုနှစ်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးမှုတွေကနေတစ်ဆင့် စတင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

မေး။   ။  စီမံကိန်းကနေတစ်ဆင့် ကျေးရွာတွေကို ဘယ်လို ထောက်ပံ့ဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    ။ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Korea Inter-national  Cooperation  Agency -KOICA) နဲ့ပေါင်းစပ်ပြီး ကျေးရွာတစ်ရွာကို အမေရိကန်ဒေါ်လာ နှစ်သောင်းနဲ့ ညီမျှတဲ့ မြန်မာငွေကို စတင်ထောက်ပံ့ ပေးပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ ပေါင်းစပ်ပြီး အလားအလာကောင်းတဲ့ ကျေးရွာတွေကို စတင်ဆောင်ရွက် စေခဲ့ပါတယ်။ ကျေးရွာတွေမှာ  ခေါင်းဆောင်တွေရွေးချယ်ပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို နည်းပညာပေးခဲ့ပါတယ်။ ကျေးရွာဖွံ့ဖြိုးမှုစီမံကိန်းတွေမှာ အဓိကဆောင်ရွက်ရမယ့် ခေါင်းဆောင်မှုသင်တန်း၊ လူထုကိုစည်းရုံးဆောင်ရွက်နိုင်မယ့်နည်းပညာတွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့အခါ   စီမံခန့်ခွဲရမယ့်ငွေကြေးတွေအတွက် ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေပေးတယ်။ ကျေးရွာတွေမှာ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဆောင်ရွက်နိုင်မယ့်အဖွဲ့တွေဖွဲ့ပေးပါတယ်။

မေး။   ။   စီမံကိန်းမှာပါဝင်တဲ့ လုပ်ငန်းတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။   ။   စီမံကိန်းမှာဝင်ငွေတိုးပွားရေး၊  လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုတဲ့ လုပ်ငန်းဆောင်ရွက်မှုသုံးမျိုးရှိပြီး ထောက်ပံ့ပေးလိုက်တဲ့ငွေကြေးအပေါ်မူတည်ပြီး ၃၅ရာခိုင်နှုန်းကိုကျေးရွာဝင်ငွေတိုးပွားရေးကဏ္ဍမှာ ဆောင်ရွက်မယ်။ ၆၀ ရာခိုင်နှုန်းကို လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကျေးရွာသူကျေးရွာသားတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာပေးတဲ့ သင်တန်းတွေ၊ ကျန်းမာရေးဗဟုသုတ၊  စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းတွေကို  ကျေးရွာအလိုက် လိုအပ်ချက်တွေမတူညီတဲ့ အမျိုးမျိုးသောသင်တန်းတွေကို ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက် ပါတယ်။ ကျေးရွာတွေကို နှစ်အလိုက်အမှတ်ပေးတဲ့အစီအစဉ်နဲ့ဆောင်ရွက်ပြီး ထူးချွန်ပြောင်မြောက်အောင် ဆောင်ရွက်နိုင်တဲ့ကျေးရွာတွေကို A Grade ၊ ဒီထက်တစ်ဆင့်နိမ့်ရင် တိုးတက်မှုတော့ရှိတယ်။ သတ်မှတ်ထားတဲ့  စည်းကမ်းတွေနဲ့ မညီဘူးဆိုရင် B Grade ၊ တိုးတက်ဖွံ့ဖြိုးမှုမရှိသေးရင်  C Grade လို့ သတ်မှတ်ပါတယ်။ နောက်တစ်နှစ်မှာ A Grade ရတဲ့ကျေးရွာကို နောက်ထပ် အမေရိကန်ဒေါ်လာ နှစ်သောင်း   ထပ်ပေးပါတယ်။   B Grade ရရင် တစ်သောင်းခွဲပေးပြီး  C Grade ရရင် တစ်သောင်း ပေးပါတယ်။ 

တချို့ရွာတွေဆိုရင်   ဦးဆောင်ဦးရွက်ပြုသူက လည်း ကောင်းမွန်တယ်။ ကျေးရွာသူ ကျေးရွာသား တွေကလည်း စိတ်ပါလက်ပါနဲ့ စည်းလုံးညီညွတ်မှု ရှိလာတယ်ဆိုတာ တွေ့ရပါတယ်။ ရန်ပုံငွေကလည်း တချို့ရွာတွေဆိုရင် ကျပ်သိန်းပေါင်းနှစ်ထောင်လောက်အထိ  တိုးပွားလာတာ  တွေ့ရပါတယ်။ ကျေးရွာလမ်း၊ စုပေါင်းဓမ္မာရုံ၊ ခန်းမတည်ဆောက်တဲ့လုပ်ငန်းတွေ၊ သောက်သုံးရေအတွက်ရေတွင်းတူးပေးတာ၊ ရေစင်တည်ဆောက်ပေးတာ၊ ရေပိုက်လိုင်း သွယ်တန်းပေးတာတွေနဲ့ အမှိုက်ကင်းစင်ရေး လုပ်ငန်းတွေကိုလည်း ရန်ပုံငွေကိုအသုံးပြုပြီးလူထုလှုပ်ရှားမှုအနေနဲ့  အပတ်စဉ်ဆောင်ရွက်ပါတယ်။

မေး။   ။ ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်းတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ စံပြကျေးရွာတွေရဲ့ ကျေးရွာခေါင်းဆောင်အချင်းချင်းပိုမိုထိတွေ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေဖလှယ်နိုင်စေဖို့၊ လုပ်ငန်းဆောင်ရွက်မှုအားနည်းတဲ့ ကျေးရွာတွေကို   အားကောင်းတဲ့ ကျေးရွာတွေကနေ လက်တွဲခေါ်ယူဆောင်ရွက်နိုင်စေဖို့၊ ကျေးရွာအချင်းချင်း အသိပညာဖလှယ်နိုင်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့၊ ဝင်ငွေတိုးပွားရေးကဏ္ဍ၊ အရင်းမပျောက်မတည်ငွေတွေ ပိုမိုတိုးပွားပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်စေဖို့၊ စံပြကျေးရွာတွေရေရှည်တည်တံ့စေပြီး ကျေးရွာတွေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။  လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်ရာမှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်ပြီးဒါကိုရင်းနှီးမြှုပ်နှံဖို့လိုအပ်တယ်။ ဒါကြောင့် ကျေးရွာတွေကိုအခြေခံပြီး ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ နောက်တစ်ခုက  ‌ထုတ်ကုန် တွေကို ကုန်ကြမ်းအဖြစ်ကနေ ကုန်ချောတန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ရောင်းချမယ်ဆိုရင် ဝင်ငွေတိုးတက်ရရှိမယ်။ ဒီလိုလုပ်ဖို့အတွက် နည်းပညာလိုရင်နည်းပညာပံ့ပိုးပေးပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်။ အာလူးကြော်၊ ပဲကြော်၊ မုန့်ပဲသရေစာ၊ ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းစတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ချေးငွေထုတ်ချေးပေးတယ်။ ကော်မတီက သတ်မှတ်ထားတဲ့ သက်သာတဲ့အတိုးနှုန်းနဲ့ချေးငွေတွေရရှိပြီး ခြောက်လတစ်ခါ အရင်းအတိုးပြန်ဆပ်ရတာတွေရှိပါတယ်။ စားသောက်ကုန်လုပ်ငန်းတွေအပြင်  ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ ဦးထုပ်စသဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေကိုလည်း ချေးငွေထုတ် ပေးပါတယ်။ စိုက်ပျိုးရေးလုပ်ချင်တဲ့သူတွေ၊ တစ်ပိုင်တစ်နိုင်မွေးမြူရေး   လုပ်ချင်တဲ့သူတွေကိုလည်း ချေးငွေ ထုတ်ချေးပေးပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ကျေးရွာလမ်းတွေ၊ ဓမ္မာရုံတွေစသဖြင့် ဆောင်ရွက်ပြီးတဲ့အခါ အရင်ကအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၆၀ ရာခိုင်နှုန်း သုံးခဲ့ရာက ၅၀ ရာခိုင်နှုန်းပဲလျှော့သုံးမယ်။  ဝင်ငွေတိုးပွားရေးကဏ္ဍကို ၄၀ ရာခိုင်နှုန်း ပိုသုံးမယ်လို့  ဆုံးဖြတ်တာတွေလည်း   ရှိပါတယ်။ ဒါကို ကျေးရွာသူ ကျေးရွာသား‌တွေနဲ့ ကျေးရွာက ခေါင်းဆောင်တွေ ပါဝင်တဲ့ စုပေါင်းအစည်းအဝေးတွေက  ဆုံးဖြတ်ပါတယ်။   စိုက်ပျိုးရေးဦးစီးဌာနက အစည်းအဝေးဖြစ်မြောက်ရေး၊   ဆုံးဖြတ်ချက်တွေမှန်ကန်ရေး  ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ကျေးရွာပေါင်း ၁၁၀ နဲ့ စတင်ခဲ့တဲ့ စီမံကိန်းကလည်းအောင်မြင်ခဲ့ပါတယ်။

မေး။   ။ စီမံကိန်းက ဘယ်လိုအကျိုးကျေးဇူးတွေရ ရှိတယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ။ကျေးရွာသူ    ကျေးရွာသားတွေအနေနဲ့ မိမိကိုယ်မိမိ အားကိုးတတ်စေဖို့၊ လုံ့လဝီရိယတွေရှိဖို့၊  ပူးပေါင်းဆောင်ရွက်တတ်စေဖို့ ရည်ရွယ်ဆောင်ရွက်ပါတယ်။  မြင်သာတဲ့အကျိုးရလဒ်တွေအနေနဲ့  လူမှုရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာတာ၊ ဝင်ငွေတိုးပွားလာတာတွေအပြင်မမြင်သာတဲ့ရလဒ်တွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့အချက်တွေက ကျေးရွာသူကျေးရွာသားတွေ စည်းလုံးညီညွတ်လာတာ၊ အတူတူ ပူးပေါင်းဆောင်ရွက်တတ်လာတာ၊  ကိုယ့်ကျေးရွာပတ်ဝန်းကျင်မှာ  အမှိုက် သရိုက်ကင်းစင်ရေးက ကိုယ့်တာဝန်၊ ကိုယ်တိုင် ဆောင်ရွက်မှရမယ်ဆိုတဲ့  အသိပညာတွေ၊  စိတ်ဓာတ် ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာတာ၊ အတွေးသစ် အမြင်သစ်တွေ ရှိလာတာ၊   အသင်းအဖွဲ့ စိတ်ဓာတ်ရှိလာတာတွေကို  တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံမှာဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ အောင်မြင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။   ဒါကြောင့်  ၂၀၁၉  ခုနှစ်မှာ ကိုရီးယားနိုင်ငံက ထောက်ပံ့ငွေအပြင် တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရတွေက  ရန်ပုံငွေတစ်ရပ်တည်ထောင်ပြီး  တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ကျေးရွာပေါင်း ၃၄ ရွာ ထပ်တိုးပြီး ၂၀၂၂ ခုနှစ်မှာ ၁၄၄ ရွာမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့စွမ်းအားမြှင့်မီးဖိုစီမံကိန်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာသစ်တောပြုန်းတီးမှုမဖြစ်အောင်၊ ထင်းသုံးစွဲမှုလျှော့ချနိုင်အောင် မီးဖိုထောက်ပံ့ရေးစီမံကိန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ မီးဖိုပေါင်း ၂၄၈၀၀၀၀ ထောက်ပံ့ခဲ့ပါတယ်။ ဒီအတွက် မီးဖိုတစ်လုံးဖြန့်ဖြူးတိုင်း တစ်ဒေါ်လာရပါတယ်။ ဒီကရတဲ့ရန်ပုံငွေကို အသုံးပြုပြီး ကျေးရွာသစ်လှုပ်ရှားမှုအသွင်နဲ့ ထပ်မံ ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အထိကျေးရွာပေါင်း ၂၅၀ မှာ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအသွင်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လယ်ယာကဏ္ဍကိုအခြေခံပြီး တိုးတက်အောင် ဆောင်ရွက်ရမယ်။ အဓိကကျတာဒီလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေတဲ့ ကျေးရွာနေပြည်သူလူထုက ဆောင်ရွက်မှ ဒီကျေးရွာတွေက ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကနေ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံအဆင့်အထိတဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တဲ့အတွက် ဒီလို ကျေးရွာပေါင်းများစွာ တည်ထောင်ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ကေတာ