နေပြည်တော် အောက်တိုဘာ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်းဖောက်လုပ်နေမှု
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် နေပြည်တော်မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင်တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်းဖောက်လုပ်နေမှုလုပ်ငန်းခွင်နေရာသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့သမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေးဒီဇိုင်းရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိစေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်မှုအရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးရန်တာဝန်ရှိသူများအနေဖြင့်လည်း အဆင့်လိုက်စနစ်တကျဖြစ်စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
နေပြည်တော်မြို့အဝင်မုခ်ဦးတည်ဆောက်ရန်လျာထားနေရာ
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့အဝင်မုခ်ဦးတည်ဆောက်ရန် လျာထားနေရာသို့ရောက်ရှိကြပြီး မြို့အဝင်မုခ်ဦးတည်ဆောက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ရာဇသင်္ဂဟလမ်းမကြီးမှ နေပြည်တော်လေဆိပ်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နေပြည်တော်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပမှုရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဗိုလ်ရှုခံစင်မြင့်
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗိုလ်ရှုခံစင်မြင့်နေရာသို့ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့မှုအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ရှုခံစင်မြင့်နှင့်စင်မြင့်မျက်နှာစာနေရာတို့အား အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆန်းစစ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
လွှတ်တော်ဝန်းအတွင်းရှိအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိအဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် လွှတ်တော်အဝင်အမှတ်(၁)တံတားနေရာသို့ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ငလျင်ဘေးဒဏ်ကြောင့် တံတားထိခိုက်ပျက်စီးမှုနှင့် ရွေ့လျားမှုများဖြစ်ပေါ်ခဲ့ခြင်းအားပြန်လည်ပြုပြင်ရာ၌ တံတားတစ်စင်းတွင်ခန်းဖွင့်ငါးခုပါဝင်ပြီး ခန်းဖွင့်တစ်ခုလျှင် အလေးချိန် တန် ၁၅၀၀ ခန့်ရှိသဖြင့် တံတားတစ်စင်းလုံး စုစုပေါင်းအလေးချိန် တန် ၇၅၀၀ ခန့်အား 3 D Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့်ပင့်တင်၍ ပြုပြင်ခဲ့သည့်အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားပြီး လွှတ်တော်အဝင်အမှတ်(၁)တံတားနှင့် မုခ်ဦးဆောင်ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ ပြုပြင်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်အဆောက်အဦခန်းမအတွင်း၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အဆောက်အဦတို့အပါအဝင် အခြားအထောက်အကူပြုအဆောက်အဦများ၊ လမ်းတံတားများ၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံများထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဦးစားပေးအဆင့်သတ်မှတ်ချက်များအလိုက် ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေးနှင့်ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အမြင်အားဖြင့်ကောင်းမွန်ရုံမဟုတ်ဘဲ ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေးပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့်ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝန်းအတွင်းအဆောက်အဦများနှင့် လမ်းတံတားများပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
