နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant– CPA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၇) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
တိုက်တွန်းပြောကြား
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက လက်မှတ်ရ ပြည်သူ့စာရင်းကိုင် သင်တန်းသည် ဘွဲ့လွန်သင်တန်းတစ်ခုဖြစ်ပြီး စာရင်းပညာရှင်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရေးလေ့ကျင့်သင်ကြားပေးသည့် သင်တန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသည့် ဘာသာရပ်များသည် သင်တန်းသားများ၏ ဘဝရပ်တည်ရေးအတွက် အထောက်အကူဖြစ်စေမည်သာမက နိုင်ငံစီးပွားမြှင့်တင်ရေးအတွက်ပါ လက်တွေ့အသုံးချနိုင်သည့်ပညာရပ်လည်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင်အသုံးချ ဆောင်ရွက်ရာ၌ သင်ကြားထားသည်များသာမက စာရင်းပညာနယ်ပယ်၏အသစ်ဖြစ်ပေါ် တိုးတက်မှုများ၊ နည်းပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာပြီး ကျင့်ဝတ်၊ စည်းကမ်းများကိုလိုက်နာသည့် စာရင်းပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ စာရင်းကိုင်-၂ ဦးစန်းမင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အရည်အချင်းစစ်စာမေးပွဲကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင်တစ်ပြိုင်တည်းကျင်းပသွားမည်ဖြစ်ပြီး ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများနှင့် ကိုယ်တိုင်လေ့လာဖြေဆိုမည့်သူများအပါအဝင် နေပြည်တော်တွင် ၄၄ ဦးနှင့် ရန်ကုန်တွင် ၂၀၆ ဦး စုစုပေါင်း ၂၅၀ ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့်ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများကြီးကြပ်ရေးကော်မတီဝင်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
