Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တရုတ်နိုင်ငံ စူးကျိုးမြို့တွင် စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် -၂၀၂၅ တက်ရောက်ပြီး လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလေ့လာ

နေပြည်တော် အောက်တိုဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနအကြီးအကဲ မစ္စတာ ဝမ်ဟုန်ကျင့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ စူးကျိုးမြို့တွင် ကျင်းပသောစွမ်းအင် အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် - ၂၀၂၅ သို့ တက်ရောက်ရန်နှင့် လေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုများကို လေ့လာနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၂ ရက်မှ ၂၃ ရက်အထိ တရုတ် နိုင်ငံ နန်ကျင်းမြို့နှင့် စူးကျိုးမြို့များသို့ သွားရောက်ခဲ့သည်။

သွားရောက်လေ့လာ

အောက်တိုဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နန်ကျင်းမြို့ China Huaneng Group ၏ ကျန်းစုပြည်နယ်အတွင်း ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားစနစ်တည်ငြိမ်စေရေး၊ ဓာတ်အားစနစ်ထိန်းချုပ်စင်တာသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက ကမ်းလွန်လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု၊ နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှုများအား ဓာတ်အားစနစ် တည်ငြိမ်မှုကို ထိခိုက်မှုမရှိစေရေး ပေါင်းစပ်ထိန်းချုပ်ဆောင်ရွက်မှု အခြေအနေများ၊ စက်ရုံများထိန်းသိမ်း လည်ပတ်မောင်းနှင်မှုကို ဓာတ်အားစနစ်ထိန်းချုပ်စင်တာမှ ထိန်းချုပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် Jingyu Deep-green Energy Co.,Ltd. မှ ဆောင်ရွက် လျက်ရှိသည့် ဇီဝလောင်စာတောင့် စက်ရုံသို့ဝင်ရောက်လေ့လာရာ တာဝန်ရှိသူများက ကိုင်းဖျား ကိုင်းနား၊ ဝါး၊ ဆီအုန်းခွံ၊ ပြောင်းဖူး ရိုး၊ အုန်းခွံ စသော စွန့်ပစ်ဇီဝ ပစ္စည်းများကို စက်မှုလုပ်ငန်းများ တွင် ပြန်လည်အသုံးပြုနိုင်သော ဇီဝကာဗွန်များ၊ သစ်သား လောင်စာတောင့်များ ထုတ်လုပ်မှု အဆင့်ဆင့်အလိုက် စက်ရုံအတွင်း ရှင်းလင်းပြသပြီး ကုန်ကြမ်းစုဆောင်းရရှိမှုများ၊ နိုင်ငံတော်မှ အားပေးထောက်ခံမှုများ၊ ဈေးကွက်ရှာဖွေရရှိမှု အခြေအနေများ၊ သယ်ယူပို့ဆောင်ရေးအခြေ အနေများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် ဖိုရမ်ကျင်းပရေးအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တို ဘာ ၂၃ ရက်တွင် စူးကျိုးမြို့ Xiangcheng EDZ Energy Center သို့သွားရောက်၍ Energy Center တွင် လျှပ်စစ်စွမ်းအင်စီမံခန့်ခွဲမှုများ၊ အဆောက်အအုံများတွင် Dual Thermal Storage နှင့် Multi-energy Complem- entarity ဆောင်ရွက်ထားရှိမှုများ၊ AI-Enabled Smart Energy Technology ၊ Energy Saving and Carbon Reduction၊ AI base Control System တို့ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် မှချမှတ်ထားသော မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လေ့လာခဲ့သည်။

အောက်တိုဘာ ၂၃ ရက်တွင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုဌာန နှင့် International Renewable Energy Agency (IERNA) တို့က ကြီးမှူးကျင်းပသည့် စွမ်းအင် အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ ၏ ဖိုရမ်ခွဲ Large Power Grid Security Risk Prevention and Control Technical သို့ တက်ရောက်ကြသည်။ ဖိုရမ်ခွဲတွင် တရုတ်အမျိုး သားစွမ်းအင် စီမံခန့်ခွဲမှုဌာနမှ မစ္စတာ ဟွမ်ရွှေနုန်၊ တရုတ်နိုင်ငံတောင်ပိုင်း လျှပ်စစ်ဓာတ်အား ကွန်ရက်မှ မစ္စတာဝူရှောက်ချန်တို့ တက်ရောက်ပြီး ကြိုဆို နှုတ်ဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင် ပေါကြွယ်ဝသဖြင့် နေစွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ရန် အင်တိုက် အားတိုက် ကြိုးစားလျက်ရှိပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်၊ သန့်ရှင်းသည့် လောင်စာများနှင့် နျူကလီးယား စွမ်းအင်တို့က စွမ်းအင်စနစ် တည်ငြိမ်မှုအတွက် အခြေခံအချက်အဖြစ် ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွင် အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းသည် ဤကြီးမားသော စွမ်းအင် အသွင်ကူးပြောင်းမှုကို ဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက် ခြင်း၊ စိတ်ကူးများ၊ နည်းပညာများနှင့် အတွေ့အကြုံများကို မျှဝေခြင်းဖြင့် ရည်မှန်းချက်များကို ပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ ၏ ဖိုရမ်ခွဲ Large Power Grid Security Risk Prevention and Control Technical သို့ဓာတ်အား စနစ် ထိန်းချုပ်မောင်းနှင်မှု ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ကောလိပ်များမှ သုတေသနဆောင်ရွက်သည့် အဖွဲ့ အစည်းများ၊ လျှပ်စစ်ဆိုင်ရာမူဝါဒ ချမှတ်သူများ တက်ရောက်ကြ ကြောင်း သိရသည်။

သတင်းစဉ်