နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချရေးအတွက် အနှောင့်အယှက်အဟန့်အတားတစ်ခု ဖြစ်နေသည့်အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများကိုနိုင်ငံတော်အစိုးရ အနေဖြင့်ပြည်တွင်း၌သာမက နယ်စပ်ဒေသများတွင်ပါ ရှာဖွေဖော်ထုတ် တားဆီးအရေးယူ တိုက်ဖျက်လျက်ရှိရာယခုအခါ အဆိုပါအမှုအမျိုးမျိုးကို ကျူးလွန်လျက်ရှိသည့် ဒုစရိုက်ဂိုဏ်းများနှင့် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရှိန်အဟုန်မြှင့်တင် အရေးယူဆောင်ရွက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုအမျိုးမျိုးသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ ကြီးမားကျယ်ပြန့်လျက်ရှိသဖြင့် မြန်မာနိုင်ငံအစိုးရက အလေးထား တိုက်ဖျက်နှိမ်နင်းလျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်ရာနိုင်ငံများပါ ပူးပေါင်းလက် တွဲဆောင်ရွက်လျက်ရှိသည်။ နည်းပညာတိုးတက်ထွန်းကားလာသော မျက်မှောက် ကာလတွင် ကမ္ဘာ့ပြည်သူများအားလုံးအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍပေါင်းစုံတို့၌ အွန်လိုင်းပလက် ဖောင်းအမျိုးမျိုးအားတွင်ကျယ်စွာအသုံးပြု လျက်ရှိနေကြသည်ကို ဒုစရိုက်ဂိုဏ်းများနှင့် မသမာသူများက အခွင့်အလမ်းတစ်ရပ်အဖြစ် အကျိုးအမြတ်ရှာဖွေဖော်ထုတ် လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံတကာနှင့်ပတ်သက်၍ မြန်မာနိုင်ငံနယ်စပ်ဒေသများ၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ အဆိုပါ ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံ သားများကို စုံစမ်းစစ်ဆေးရှာဖွေဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထိုသို့စုံစမ်းဖော်ထုတ် လျက်ရှိရာတွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့် ဖြတ်သန်း၍ မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ တရားမဝင်ဝင်ရောက်လာကြရာ မကြာသေး မီရက်ပိုင်းအတွင်း က ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံ ၁၄ နိုင်ငံမှ နိုင်ငံသားများကို ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် အွန်လိုင်းအခြေပြုလောင်းကစားဝက်ဘ်ဆိုက်များ တည်ထောင်ပြီးလူမှုကွန်ရက်များပေါ်တွင် အများပြည်သူတို့အား မက်လုံးအမျိုးမျိုးပေးပြီး ပေါ်ပေါ်ထင်ထင် ကြော်ငြာများ လွှင့်တင်ဖြန့် ဝေလျက်ရှိရာ ယင်းတို့ကို မကြာခဏ ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရမည် ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် အေးဂျင့်များနှင့် လုပ်ကိုင်ဆောင်ရွက်နေသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ရှာဖွေဖော် ထုတ်၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။
ပြည်တွင်း၌ အွန်လိုင်းလောင်းကစားနည်းအမျိုးမျိုးတို့ကို ဝိသမလောဘသား စီးပွားရေးလုပ် ငန်းရှင်အချို့ကအစောပိုင်းကာလများကတည်းက လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြရာ အဆိုပါ လောင်းကစားနည်းအမျိုးမျိုးတွင် ပါဝင်လောင်းကစားကြသည့် ပြည်သူများမှာ နောက်ဆုံးတွင် အရှုံးနှင့်ရင်ဆိုင်ကြရပြီး မိသားစုပိုင် ငွေကြေးဥစ္စာပစ္စည်းများ အမြောက်အမြား ဆုံးရှုံးခဲ့ကြသည်ကို ကြားသိကြရမည်ဖြစ်သည်။ အလားတူ အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးသိမ်းသွင်းခြင်းခံခဲ့ရသည့် နိုင်ငံသား လူငယ်လူရွယ် များမှာလည်း လောင်းကစား ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး နောက်ဆုံးတွင် ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းခံကြရသည်။ အဓိကမှာလောင်းကစားဥပဒေကို သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ ပါဝင်ပတ်သက်ခဲ့ကြသဖြင့် ပြည်သူများမှာ ထိခိုက်နစ်နာမှု များနှင့် ဥပဒေအရ အရေးယူခံရခြင်းဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိရောက်စွာအရေးယူတိုက်ဖျက် လျက်ရှိရာ မိဘပြည်သူ များကလည်း အဆိုပါ အွန်လိုင်းဒုစရိုက်မှု လုပ်ငန်းအမျိုးမျိုးတွင် ပါဝင်ပတ်သက်ခြင်းမရှိအောင် သတိပြုရမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ ပြုလုပ်နေကြ သည့်ဂိုဏ်းများ၊ အစုအဖွဲ့လိုက် ပြုလုပ်နေ ကြသူများကို သိရှိရပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
