Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ  ၂၄

၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုးရရှိနိုင်ရေး အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကြသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲကစားချိန်ပထမပိုင်း ပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပွဲကစားချိန်၌ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲကစားချိန်ပြီး ဆုံးချိန်တွင် ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့သဖြင့် အချိန်ပိုပွဲကစားချိန်ကို ဆက်လက်ကစားခဲ့ကြရာ အချိန်ပိုပွဲကစားချိန်ပထမပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူး ရုံးကိုယ်စားပြုအသင်းက အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သဖြင့် ပွဲကစားချိန်ပြီးဆုံးချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုအပြီးတွင် ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ပွဲစဉ်တစ်လျှောက် တစ်ဦးချင်းနေရာအလိုက် အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများကိုလည်းကောင်း၊ တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးကိုယ်စားပြုအသင်းမှအားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသန့်ရှင်းဆုံးဆုရရှိသည့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ဆုဖလားနှင့်ငွေသားဆုများကိုပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ)  ဘောလုံးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ရာ အသင်းအုပ်ချုပ်သူအရာရှိနှင့် အားကစားသမားများက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။