နေပြည်တော် အောက်တိုဘာ ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်း ပေးအပ် လျက်ရှိသည်။
ထိုသို့ စုံစမ်းဖော်ထုတ်လျက်ရှိရာ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များသည် အောက်တိုဘာလ ၂၂ ရက် ည ၁၁ နာရီခန့်တွင် မြဝတီမြို့နယ်၊ မဲ့ထော်သလေးကျေးရွာအုပ်စု (KK Park) နယ်မြေအတွင်းသို့ ရှောင်တခင်ဝင်ရောက် စစ်ဆေးရှာဖွေမှုများဆောင်ရွက်ခဲ့သဖြင့် (KK Park) နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံခြားသားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရပ်ကွက်၊ မဲ့ထော်သလေးကျေးရွာအုပ်စု၊ ဖလူးကျေးရွာအုပ်စု၊ မင်းလက်ပံကျေးရွာနှင့် တစ်ဖက်ထိုင်းနိုင်ငံ မဲဆောက်မြို့တို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းဆောင်ရွက်နေသူများ မပါရှိစေရေးတို့အတွက် အဆိုပါ ထွက်ပြေးတိမ်းရှောင်ကြသူများအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ယနေ့ မွန်းတည့် ၁၂ နာရီအထိ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၅၁ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း/လက်ခံဆောင်ရွက်ခြင်းမပြုမီ အမှတ်(၄) ရပ်ကွက်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ထိန်းသိမ်းထားရှိရာ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက အဆိုပါနိုင်ငံခြားသားများ၏ လုံခြုံရေး၊ ကျွေးမွေးရေး၊ အုပ်ချုပ်ထောက်ပံ့မှု စနစ်တကျရှိစေရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
