တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဂုဏ်ယူဖွယ်နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် အသိဉာဏ်ပညာနှင့် အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်များရှိနေရုံဖြင့် မလုံလောက်ပေ။ အသိဉာဏ်ပညာဗဟုသုတနှင့် တွေးခေါ်ဆင်ခြင်နိုင်မှုမြင့်မားသော နိုင်ငံသူနိုင်ငံသားများလည်း ပေါများနေရန်လိုအပ်သည်။ အစိုးရကနိုင်ငံတော်ကို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်သလို နိုင်ငံသူနိုင်ငံသားများကလည်း နိုင်ငံ့သားကောင်းပီသစွာဖြင့် ပါဝင်ဆောင်ရွက်မှသာ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာနိုင်ပေသည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ လွတ်လပ်ရေး၏ အသီးအပွင့်များကို အားလုံးတန်းတူညီမျှ မခံစားကြရသေးပေ။ လွတ်လပ်ရေးရပြီးသည့်အချိန်ကတည်းက ပယောဂအဖုံဖုံ၊ သွေးကွဲမှုအစုံစုံတို့ကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲမျိုးစုံ တွေ့ကြုံနေကြရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှု အားနည်းမှုအခြေအနေများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် တည်ငြိမ်အေးချမ်းပြီး တိုးတက်နေသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ နိုင်ငံလူဦးရေနှင့်အကျယ်အဝန်း၊ လုပ်ကိုင်နိုင်သည့်အခြေအနေတူညီ သည့်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံမှာ များစွာနောက်ကျကျန်နေသည်ကို တွေ့နိုင်သည်။ ထိုအချက်များကိုကြည့်၍ သင်ခန်းစာယူကြရမည်ဖြစ်သည်။
ထိုသို့နောက်ကျကျန်နေခြင်းသည် ပြည်တွင်း၊ ပြည်ပပယောဂအမျိုးမျိုးကြောင့် ဖြစ်သည်ဟုဆိုနိုင်သလို အဆိုးရွားဆုံးမှာ မိမိတို့နိုင်ငံသားများ၏ ပညာတတ်မြောက် မှုအားနည်းနေမှုနှင့် မှန်ကန်သော အသိပညာဗဟုသုတရှိမှု၊ နိုင်ငံအတွက်မှန်ကန်စွာ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းမှုတို့ကြောင့်ဖြစ်သည် ဟု ဆိုနိုင်သည်။ အဆိုပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် “မိမိတို့အနေဖြင့် မိမိတို့နိုင်ငံသားများအတွက် ပညာရည်မြှင့်တင်ပေးရန် သင်ခန်းစာကြီးမားစွာ ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တိုးတက်သည့်နိုင်ငံဖြစ်စေလိုသည့် နိုင်ငံတော်အကြီးအကဲ၏ဆန္ဒနှင့် တိုင်းပြည်နောက်ကျကျန်နေရသည့် အကြောင်းရင်းများကို နိုင်ငံသူနိုင်ငံသားများ သုံးသပ်ဆုံးဖြတ်ဆောင်ရွက်စေလိုသော သဘောထားကို မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံကောင်းကျိုးအတွက် ဖြစ်နိုင်သည်များကို မဖြစ်မနေလုပ်ဆောင်ပေးလျက်ရှိပြီး တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်းကောင်း၊ နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်းကောင်း နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို မှန်မှန်ကန်ကန်ရှုမြင် သုံးသပ်ပြီး ဖြစ်နိုင်သည်များကို ပြောကြားကြရန်နှင့် ဖြစ်သင့်သည်များကို ဦးတည်ချက်မှန်ကန်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုပေသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်သူများက ရွေးချယ်ထားသော ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် နိုင်ငံတော်အစိုးရက အဓိကအားဖြင့်ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတော်၏သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေးအရ အရေးပါမှုများကို ကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကဲ့သို့သော နိုင်ငံရေးစနစ်မတူညီသည့်၊ ကမ္ဘာတွင် အင်အားကြီးနိုင်ငံများ၌ပါဝင်သည့် နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိနေသဖြင့် မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ရန်လိုသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာလည်း ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားသည်။
အဆိုပါအချက်များအပေါ်တွင် အလေးအနက်ထားစဉ်းစားပြီး ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး၊ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးများကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုသည်။ ထိုသို့စဉ်းစားဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ပကတိအရှိတရားဖြစ်သည့် အားနည်းချက်များဖြစ်သော အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများ တိုးတက်မြင့်မားလာစေရေးအတွက် ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည်။ ပထမအဆင့် KG+9 အထိ မဖြစ်မနေသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ကလေးငယ်များ၏ပညာရေး မဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်းမဖြစ်စေရန် သားသမီးချင်း၊ မိဘချင်းကိုယ်ချင်းစာနာထောက်ထားပြီး ဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ၏ပကတိဖြစ်ပေါ်နေသည့် အရှိတရားများကို သင်ခန်းစာယူပြီး နိုင်ငံသားများ ပညာရည်မြှင့်တင်ပေးရေး၊ စည်းကမ်းတကျဖြစ်သည့် ရွေးကောက်ပွဲဖြစ်လာစေရေး၊ ထိုမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေးအတွက် အားလုံးအတတ်နိုင်ဆုံး ထိန်းသိမ်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။