Skip to main content

အလေးအနက်ဆောင်ရွက်ကြရမည့် နိုင်ငံသားကောင်း၊ သမီးကောင်းတာဝန်

နိုင်ငံသူ နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်းအခြေအနေမှာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်မှုအပေါ်တွင် သက်ရောက်မှုရှိသည်။ နိုင်ငံသူ နိုင်ငံသားတို့ ပညာရည်မြင့်မားမှသာ နိုင်ငံကိုကောင်းမွန်အောင်၊ မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် လက်ရှိမိမိတို့နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများ ပညာရေးအခြေအနေမှာ ပျမ်းမျှအားဖြင့်ဆိုရလျှင်မကောင်း။ ဘွဲ့ရပညာတတ်ဦးရေမှာလည်း နိုင်ငံလူဦးရေနှင့်စာလျှင် အချိုးအစားနည်းပါးလျက်ရှိရာ အမျိုးသားပညာရေးကို မဖြစ်မနေမြှင့်တင်ရမည့်အခြေအနေဖြစ်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်နှင့်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိရာတွင် အဆိုပါ လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင်နှုန်းမှာ ကျောင်းလုံးဝမတက်ဖူးကြဟုဆိုသည်။ အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ သန်းကျော် ရှိရာ အတန်းလုံးဝမရှိသူ ၉ သိန်းကျော်၊ မူလတန်းနှင့်မူကြိုအဆင့်ရှိသူ ၁၃ သန်းခန့်၊ အလယ်တန်းအဆင့်ရှိသူ ၅ ဒသမ ၅ သန်းခန့်၊ အထက်တန်းအဆင့်ပြီးမြောက်သူ ၃ ဒသမ ၃ သန်းခန့်နှင့် ဘွဲ့ရ သူ ၂ ဒသမ ၇ သန်းခန့်တို့ ရှိနေကြသည်ဟု စာရင်းဇယားများအရ သိရသည်။ ကျောင်းသားအများစုမှာ မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် နိုင်ငံများစွာရှိကြရာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယှဉ်ပြိုင်ရပ်တည်နေကြရခြင်းဖြစ်သည့်အလျောက် မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်များကိုလည်း ကောင်းစွာတည်ဆောက်ထားကြရသည်။ သို့ဖြစ်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ပညာတတ်လူ့စွမ်းအားအရင်းအမြစ် ပေါများကြွယ်ဝသည်ကို တွေ့ရပြီး အပြန်အလှန်အားဖြင့်လည်း ပညာတတ်လူ့စွမ်းအား အရင်းအမြစ်ပေါများကြွယ်ဝသည့် နိုင်ငံများ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိနိုင်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံသူနိုင်ငံသားတို့ ဉာဏ်ပညာအရည်အချင်း မြင့်မားရန်လိုအပ်သည်။ ပညာရေး နိမ့်ပါးနေမည်ဆိုပါက နိုင်ငံတည်ငြိမ်မှုနည်းပါးပြီး ပဋိပက္ခများနှင့်သာ ထွေးလုံးရစ်ပတ် အချိန်ကုန်နေမည်ဖြစ်ကာ အောင်မြင်သည့် ဒီမိုကရေစီနိုင်ငံအဖြစ်နှင့် အလှမ်းဝေးနေမည်ဖြစ်သည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)မှ ကျောင်းသား ကျောင်းသူများကို အောက်တိုဘာ ၂၁ ရက်တွင် တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။ အဆိုပါကျောင်းသား ကျောင်းသူတို့မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ လာရောက်၍ ငါးနှစ်တာ ပညာဆည်းပူးပြီး မကြာခင်သင်တန်းဆင်းသည့်အခါ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအဖြစ် တာဝန်ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။

တိုင်းရင်းသူ တိုင်းရင်းသား ဆရာ ဆရာမများအဖြစ် တာဝန် ထမ်းဆောင်ကြသည့်အခါ နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပညာရေးအားနည်းချက်ကို အားသာချက်ဖြစ်လာအောင် မြှင့်တင်ပေးရေး၊ မိမိတို့၏ တပည့်ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာတတ်အမျိုးကောင်း သား သမီးများဖြစ်လာအောင် ပြုစုပျိုးထောင်ရေးတို့နှင့်အတူ နိုင်ငံတော် အကြီးအကဲ၏ မှာကြားချက်များဖြစ်သည့် “တပည့်ကျောင်းသား လူငယ်များကို အကောင်းမြင်စိတ်၊ ပူးပေါင်းပါဝင်ဆောင်ရွက် လိုစိတ်၊ စည်းလုံးညီညွတ်မှုစိတ်၊ ရိုင်းပင်းကူညီစိတ် စသည့် စိတ်ဓာတ်များရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်”၊ “မိမိတို့တာဝန်ကျရာ ဒေသများတွင် တိုင်းရင်းသား ပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကား လာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက်သွားကြရန်” ဟူသည့် အချက်များကို အထူးအလေးအနက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားကောင်း၊ သမီးကောင်း တာဝန်ကျေပွန်ကြစေလိုပါကြောင်း။ ။