Skip to main content

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်     အောက်တိုဘာ    ၂၁

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာမြေကိုအခြားနည်းအသုံးပြုခွင့်နှင့်စပ်လျဉ်း၍ စိစစ်ထောက်ခံတင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ  ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်ကျူးလွန်အသုံးပြုခြင်းများကိုဖြေရှင်းနိုင်ရန်နှင့်နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်း (SOP)အရလည်းကောင်း ကိုက်ညီမှန်ကန်မှု ရှိ၊မရှိစိစစ်ပြီး ကိုက်ညီမှန်ကန်မှုရှိပါက  ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် စိစစ်အတည်ပြုပေးခြင်းကိုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်   ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက   ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကိုတင်ပြရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် စိစစ်သုံးသပ်ဆွေးနွေးကြသည်။

ယနေ့အစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ကိုင်ခွင့်ရရှိထားပြီး စိုက်ပျိုးလုပ်ကိုင်မှု တည်ငြိမ်နေသည့်မြေများအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေအဖြစ်သတ်မှတ်ပေးရန် လျှောက်ထားလာသောလုပ်ငန်းများ၊ နိုင်ငံတော်စီမံကိန်းများဆောင်ရွက်ရာတွင် နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များ၊ လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီတင်ပြလာသည့် လုပ်ငန်းများအပေါ်  ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်