Skip to main content

မော်လမြိုင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မော်လမြိုင်  အောက်တိုဘာ  ၂၁

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး(ယာပုံ) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းစီစဉ်သည့်  စာဖတ်ရှိန်မြှင့်တင်ရေးအထောက်အကူပြု စာပေဗိမာန်စာအုပ်ပြခန်း၊ သိပ္ပံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊  ဓာတ်ပုံပြပွဲများ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များနှင့် ရုပ်ပုံဆက်၊ စကားလုံးဆက်   ပျော်ပွဲရွှင်ပွဲ၊  ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာပေ ဟောပြောပွဲများနှင့်အားကစားပြိုင်ပွဲများတွင်  ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ‌ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် စတုဒိသာ များပေးဝေးသည်။

ထို့နောက် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာ စကား ပြောကြားသည်။

ယင်းနောက်  ကျောင်းသား ကျောင်းသူလေးများက မွန်တိုင်းရင်းသားရိုးရာ အကအလှများ၊  တေးသီချင်းများဖြင့် သီဆို ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊  မွန်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက  ကျောင်းစာကြည့်တိုက်များအတွက်  စာအုပ်စာစောင်များကို လည်းကောင်း၊  အလှူရှင်များက အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက စကားရည်လု၊ ကျပန်း၊ ပုံပြင်ပြော၊ ကဗျာ၊  ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြု ဆုများ ပေးအပ်ခဲ့သည်။

စည်သူ(ပြန်/ဆက်)