နေပြည်တော် အောက်တိုဘာ ၂၁
စိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သီးနှံမျိုးမွေးမြူရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘွဲ့လွန်သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်သီးနှံမျိုးများ သုတေသနပြုပြီးထုတ်လုပ်နိုင်ရန် သီးနှံမျိုးမွေးမြူသူ သုတေသီပညာရှင်များ၏အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် ပညာရှင်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးရန် အရေးကြီးကြောင်း၊ သီးနှံမျိုးမွေးသူများကို စွမ်းဆောင်ရည်မြှင့်တင်ရာတွင် သီအိုရီသဘောတရားအပိုင်းသည်အရေးကြီးသကဲ့သို့ ပညာရှင်များအတွက် လက်တွေ့အပိုင်းနှင့် အတွေ့အကြုံသည်လည်း များစွာအရေးကြီးသည့်အတွက် စဉ်ဆက်မပြတ် စူးစမ်းလေ့လာခြင်းနှင့် မျိုးဆက်သစ်များအား နည်းပညာအတွေ့အကြုံများလက်ဆင့်ကမ်းပေးခြင်းကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားပြီး သင်တန်း၏ပထမအချိန်အဖြစ် သီးနှံမျိုးမွေးခြင်းလုပ်ငန်းများ၏ အရေးပါပုံနှင့် အခြေခံသဘောတရားများကို ဒုတိယဝန်ကြီးက ပို့ချသည်။
အလားတူ စိုက်ပျိုးရေးတက္ကသိုလ်နှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ လုပ်ငန်းခွင်အကြိုထွန်စက်နှင့်လယ်ယာသုံးစက်ကိရိယာများ ထိန်းသိမ်းမောင်းနှင်နည်းပညာပေးသင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးနှင့် စိုက်ပျိုးရေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်အေးအေးနိုင်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်