Skip to main content

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးအား  မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်း

နေပြည်တော် အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park)နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးအား မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍  ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး  ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ Adminis-trative and Technical Staff  Mr. Andrew  Labrador  Agrafvante နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

၂၀၂၅  ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာ  ၂၁ ရက်အထိ  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်း ၉၅၅၁ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ  ၎င်းတို့အနက်မှ ၉၃၃၉ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၂၁၂  ဦးအား သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်  ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online  Scam  Center လုပ်ငန်းများတွင်  ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့်လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်