နေပြည်တော် အောက်တိုဘာ ၂၁
“ရှေ့နေရှေ့ရပ်များအကြား ဥပဒေရေးရာစကားဝိုင်း- ၁” ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခုစကားဝိုင်းကိုတရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ အမှုလိုက်ပါဆောင်ရွက်ရာ၌ သိသင့်သိထိုက်သည့်ဥပဒေရေးရာကိစ္စများကို ပိုမိုနှံ့စပ်နားလည်စေရန်၊ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများကို ပိုမိုသိရှိပြီး အရည်အချင်းပြည့်ဝသော ရှေ့နေရှေ့ရပ်များဖြစ်စေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
တက်ရောက်သူတရားလွှတ်တော်ရှေ့နေများအနေဖြင့် ယခုစကားဝိုင်းတွင်လေ့လာခွင့်ရသည့်ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၌ အကျိုးရှိစွာအသုံးချစေလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လမ်းမှပါဝင်ကူညီဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေကြီးများက တရားမတရားစီရင်ရေးနှင့် ရှေ့နေရှေ့ရပ်အခန်းကဏ္ဍ၊ ရှေ့နေကောင်းတစ်ယောက်၊ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့်အခွင့်အရေးများ၊ ရှေ့နေရှေ့ရပ်များ၏ တရားရုံးကျင့်စဉ်များနှင့် လျှောက်လဲချက်ကောင်းတစ်ခုစသည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ တရားလွှတ်တော်ရှေ့နေများကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
