Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၉

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ မဲလ်လီရာဟိုတယ်၌ အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အတူတက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအားကစား ဆိုင်ရာအဆင့်အတန်းများနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်နေမှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို နှစ်စဉ်အမြဲမပြတ်ကျင်းပနေမှုတို့နှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့မှ တက်ရောက်လာသည့် အားကစားဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံပြီး နောင်ပြိုင်ပွဲကျင်းပမည့် အရှေ့တောင်အာရှ၊ အာရှ အားကစားပြိုင်ပွဲများတွင်အများ သဘောတူညီသည့် သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာအားကစားနည်းများကို စနစ်တကျထည့်သွင်း ကျင်းပနိုင်ရေး၊ ဒေသတွင်း အားကစားပြိုင်ပွဲများပါဝင် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်မှုစနစ်အား ပြိုင်ပွဲနီးချိန်ကာလ နှစ်ပတ်အလို ဖိတ်ကြားမှုအစား အနည်းဆုံးသုံးလကြိုတင်ဖိတ်ကြားမှုစနစ်ကို စီစဉ်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အစည်းအဝေးတက်ရောက်သည့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက် အထိ ဟနွိုင်းမြို့ရှိ မဲလ်လီရာ ဟိုတယ်၌ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

အစည်းအဝေးများအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟနွိုင်းမြို့မှလေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာရာအောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိကြကြောင်းသိရသည်။

 သတင်းစဉ်