Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၉ သိန်းကျော်ရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေး

 

ရန်ကုန်  နိုဝင်ဘာ  ၈

ယနေ့ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၅၉ သိန်းကျော်ရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည်က “ ဒီနေ့ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ စိတ်ဝင် တစားနဲ့ မဲပေးဖို့ မဲရုံတွေမှာ နံနက် ၆ နာရီ မတိုင်ခင် ကတည်းက ရောက်နေတာ တွေ့ရပါတယ်။ မဲပေးတဲ့နေရာ မှာလည်း အေးအေးချမ်းချမ်း ရှိပါတယ်။ စည်းကမ်းတကျ မဲပေးတာကို တွေ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနဲ့ပတ်သက်ပြီး လိုက်နာတာကိုလည်း တွေ့ရပါတယ်ဟု ပြောသည်။

မဲဆန္ဒရှင် ပြည်သူများကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နှာခေါင်းစည်း၊ မျက်နှာအကာများ တပ်ဆင်ကာ စည်းကမ်းတကျ ဆန္ဒမဲပေးရန် နံနက် ၆ နာရီ မဲရုံမဖွင့်မီကတည်းက ရောက်ရှိနေကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၅၈၀၉ ရုံရှိပြီး အရှေ့ပိုင်းခရိုင်တွင် မဲရုံပေါင်း ၁၇၆၆ ရုံ၊ အနောက်ပိုင်း ခရိုင် တွင် မဲရုံပေါင်း ၅၆၈ ရုံ၊ တောင်ပိုင်းခရိုင်တွင် မဲရုံပေါင်း ၁၇၄၄ ရုံနှင့် မြောက်ပိုင်းခရိုင်တွင် မဲရုံပေါင်း ၁၇၃၁ ရုံ ရှိပြီး မဲရုံများတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မင်တို့ပေးသူ၊ ရွေးကောက်ပွဲ အထူးရဲနှင့် မဲရုံအကူ ဝန်ထမ်းအပါအဝင် အဖွဲ့ဝင်ဦးရေ လေးသောင်းခြောက်ထောင်ကျော်က တာဝန်ထမ်းဆောင် ကြသည်။

ဒေါပုံမြို့နယ်မှာ နံနက် ၆ နာရီ မဲရုံစဖွင့်ကတည်းက မဲပေးကြပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက်ကို စိတ်ဝင်စားမှုများတာ တွေ့ရပါတယ်။ ဒေါပုံမြို့နယ်မှာ မဲရုံပေါင်း ၆၃ ရုံ ရှိပါတယ်။ မဲပေးပိုင်ခွင့်ရှိသူဦးရေ ခုနစ်သောင်းကျော် ရှိပါတယ်။ အဲဒီထဲမှာ အသက် ၆၀ နဲ့ အသက် အရွယ်ကြီးရင့်သူဦးရေ တစ်သောင်းခန့်ရှိပြီး ခုနစ်ထောင်ကျော်က ကြိုတင်မဲ ပေးပြီးပါပြီဟု ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးစန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှင့် အထက် အသက်အရွယ်ကြီးရင့်သူဦးရေ ရှစ်သိန်းခန့်ရှိပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ အသက် ၆၀ နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူရာတွင် ဆန္ဒမဲ ပေးသူဦးရေ ခုနစ်သိန်းကျော်ရှိကြောင်း ဆန္ဒမဲပေးရန် ကျန်ရှိ သူများလည်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ လာရောက်ပေးကြကြောင်း သိရသည်။

အသက် ၆၈ နှစ်အရွယ် ဦးကျော်လင်းက “ အသက် ၆၈ နှစ်ဆိုပေမယ့် ကျန်းကျန်းမာမာရှိနေတော့ ဒီနေ့မှ မဲလာပေးတာပါ။ ကြိုတင်မဲမပေးဘူး။ အိမ်က မဲရုံနဲ့လည်း နီးတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်တဲ့ ရွေးကောက် ပွဲနေ့မှာ အဓိပ္ပာယ်ရှိတဲ့ လူသားတစ်ယောက်အနေနဲ့ ကိုယ်တိုင် ကိုယ်ကျ မဲရုံကို လာပေးတာပါ။ ဒါ အဓိကရည်ရွယ်ချက် ပေါ့။ မဲရုံကို မဲလာပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိတယ်။ ဘယ်ပြည်သူ ပြည်သားမဆို တိုင်းပြည်ကို ခေါင်းဆောင်မယ့် ခေါင်းဆောင်စစ်၊ ခေါင်းဆောင်မှန်ကို ရွေးချယ်ချင်ကြတာ ချည်းပဲ။ လိုချင်ကြ တာချည်းပဲ။ မိသားစုမှာပဲဖြစ်ဖြစ်၊ တိုင်းပြည်မှာပဲဖြစ်ဖြစ် အမှန်တကယ် ဦးဆောင်နိုင်မယ့်၊ ခေါင်းဆောင် နိုင်မယ့် အဖွဲ့အစည်းကို ခံစားချက်အပြည့်နဲ့ ကိုယ်တိုင်ကိုယ်ကျ မဲလာပေးတာပါဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာအတွက် ကရင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ် လောင်း ခြောက်ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်း ငါးဦးတို့ ဝင်ရောက် အရွေးခံကြရာ အဆိုပါနေရာအတွက် ရန်ကုန် တိုင်းဒေ သကြီး အတွင်းရှိ ရခိုင်တိုင်းရင်းသားနှင့် ကရင်တိုင်းရင်းသားတို့ ကလည်း ဆန္ဒမဲပေးရွေး ချယ်ကြသည်။

စမ်းချောင်းမြို့နယ်နေ ကရင်တိုင်းရင်းသား မန်းအယ်လ် ဇော်နန်းက “ကျွန်တော်ကတော့ ကရင် အမျိုးသားအရေးကို စွမ်းစွမ်းတမံလုပ်နိုင်တဲ့သူ၊ ကရင်အသံကို ကျယ်ကျယ် လောင်လောင် ပြောနိုင်တဲ့သူ၊ ကရင်ရေးရာကို ဦးဆောင်နိုင် တဲ့သူကို ကရင်တိုင်းရင်းသားလူမျိုးရေးရာ နေရာအတွက် ဆန္ဒမဲပေးခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီခွဲက မဲသွားပေးခဲ့ ပါတယ်ဟု ပြောသည်။

ကမာရွတ်မြို့နယ်နေ ရခိုင်တိုင်းရင်းသူ ဒေါ်မြင့်မြင့်ဦး က “ နံနက် ၅ နာရီခွဲက မဲရုံ သွားတန်းစီပြီး မဲပေးခဲ့ပါတယ်။ ကျွန်မက ရန်ကုန်ရောက် ရခိုင်လူမျိုးပါ။ ရခိုင်တိုင်းရင်းသူ တစ်ယောက်ဖြစ်တဲ့အတွက် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာ နေရာအတွက် ဆန္ဒမဲပေးခဲ့ပါတယ်။ ရန်ကုန်ရောက်နေတဲ့ ရခိုင်တိုင်းရင်း သားတွေ အတွက် တကယ်ဆောင်ရွက်ပေး မယ့်သူကို မဲပေးခဲ့ပါတယ်။ မဲပေးရတာ အေးအေးချမ်းချမ်း ရှိပါတယ်ဟု ပြောသည်။

ယနေ့ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမအကြိမ် မဲပေးခွင့် ရရှိသူ အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်ဦးရေ ရှစ်သိန်းကျော် ရှိပြီး လူငယ်များအနေဖြင့်လည်း အားတက် သရော ဆန္ဒမဲ လာရောက်ပေးကြသည်ကို တွေ့ရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နေ မဖြူစင်မွန်က “ ကျွန်မ က အသက် ၂၂ နှစ် ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ ပထမ ဆုံးအကြိမ် မဲပေးဖူးတာပါ။ မိသားစုမှာတော့ အဘိုးက ကြိုတင်မဲပေးရတယ်။ ကျွန်မ မဲပေးရတဲ့ မဲရုံက အ.ထ.က ၇ မင်္ဂလာတောင်ညွန့်ပါ။ ကျွန်မရဲ့ သူငယ်ချင်းတွေလည်း အားလုံးမဲပေးကြတယ်လို့ သိရပါတယ်။ ပထမဆုံးအကြိမ် မဲပေးတာဆိုတော့ စိတ်တော့လှုပ်ရှားမိတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ မဲပေးခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ မဲပေးရာမှာလည်း အဆင်ပြေပါတယ်ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံများသို့ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များက လေ့လာ စောင့်ကြည့်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၅၉ သိန်းကျော်ရှိပြီး အရှေ့ပိုင်းခရိုင်တွင် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူဦးရေ ၁၉ သိန်းကျော်၊ အနောက်ပိုင်းခရိုင်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ခုနစ်သိန်းကျော်၊ တောင်ပိုင်းခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁ သိန်းကျော်နှင့် မြောက်ပိုင်း ခရိုင်တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူဦးရေ ၂၂ သိန်းကျော်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်အရွေးခံမည့် ကိုယ်စား လှယ်လောင်း အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ၂၄၉ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ၅၈ ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၅၂ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃၃ ဦး၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ် လောင်း ခြောက်ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်း ငါးဦး ဝင်ရောက် ယှဉ်ပြိုင် ကြသည်။

သတင်း-ရဲခေါင်၊ မင်းသစ်(MNA)

ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်၊ လှမိုး