လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံး ခွင့်ကာလကို ရက်ပေါင်း ၆၀ (၂၈-၁၀-၂၀၂၅ ရက်နေ့ နံနက် ၆ နာရီမှ ၂၆-၁၂-၂၀၂၅ ရက်နေ့ ည ၁၂ နာရီအထိ) ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ မကြာမီသောကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအနိုင်ရရှိရေး မဲဆွယ်စည်းရုံးမှုများကို မိမိတို့မြင်ရ၊ ကြားရ၊ လေ့လာ ဆန်းစစ်ကြရတော့မည်ဖြစ်သည်။
ရွေးကောက်ပွဲဝင်ရန်အတွက် လက်ရှိအချိန်တွင် စာရင်းပေးထားသည့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ပါတီ ၆ ပါတီ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ၌ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့်ပါတီ ၅၁ ပါတီရှိသည်။ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ရှိနေသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်ရှိမြို့နယ်များကို တတိယအကြိမ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
“အကြောင်းအမျိုးမျိုးကြောင့် အချို့နေရာများတွင် ရာနှုန်းပြည့်ရွေးကောက်ပွဲ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ယခင်ကကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ၃ ရပ်လုံးတွင်လည်း ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် မြို့နယ်များတွင်လည်းနောင်လာမည့်အစိုးရအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဆက်လက်၍ဆောင်ရွက်သွားရန် စဉ်းစားထားကြောင်း” NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့ရာ မဲဆန္ဒနယ်များအတွင်း ရှိနေကြသည့် မဲဆန္ဒရှင်ပြည်သူများမှာရွေးကောက်ပွဲများ၊ မဲပေးရွေးချယ်မှု များနှင့်တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံတွေ့ကြရမည်ဖြစ်သည်။
မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် ရက်ပေါင်း ၆၀ အချိန်ကာလအတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများက ၎င်းတို့ပါတီအသီးသီး၏ မူဝါဒ၊ သဘော ထားများ၊ ရှေ့လုပ်ငန်းစဉ်များ စသည်တို့ကို မဲဆန္ဒရှင်ပြည်သူ လူထုထံရှင်းလင်းတင်ပြကြမည်ဖြစ်ရာ ၎င်းတို့၏ အရည်အသွေးများကို အကဲခတ်ခွင့်ရရှိကြမည် ဖြစ်သည်။ လူထုပရိသတ်ကို ချော့ကာ၊ မြှောက်ကာ လူတကာသည်းခြေကြိုက်အပြောများ၊ အာပေါင်အာရင်းသန်သန်ပြောပြီး လက်တွေ့မဖြစ်နိုင်သည့် မဲဆွယ်စကားများစသည်တို့ကို ပြည်သူလူထုက ဝေဖန် ဆန်းစစ်နိုင်ကြရမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆွယ်စည်းရုံး ဟောပြောမှုအားလုံးကို တက်ရောက်၍ ဂရုတစိုက်နားထောင်ကြရန်လိုအပ်သကဲ့သို့ ၎င်းကိုယ်စားလှယ်လောင်းတို့၏ ကိုယ်ရေးအကြောင်းအရာ၊ အချက်အလက်များ၊ အကျင့်စာရိတ္တဆိုင်ရာများနှင့် စပ်လျဉ်း၍လည်း စုံစမ်းလေ့လာကြရန်လိုသည်။ အထူးသဖြင့် မိမိတို့မဲပေးရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် များရှိကြရန်လိုပြီး တိုင်းပြည်အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်နိုင်သည့်သူများ ဖြစ်ရန်လိုသည်။
ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားအခွင့်အရေးကို သုံးစွဲခြင်းဖြစ်ပြီး နိုင်ငံသားတာဝန်ကို ထမ်းဆောင်ခြင်းလည်းဖြစ်သည်။ ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပင်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူက ကောင်းမွန်သည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးလိုက်ခြင်းအားဖြင့် ကောင်းသောအစိုးရ၊ ကောင်းသောအုပ်ချုပ်ရေးတို့ကိုရရှိပြီး နိုင်ငံနှင့်ပြည်သူ၏ အကျိုးကိုဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းသာယာမှုတို့ ဖြစ်ပေါ်လာနိုင်ပါမည့်အကြောင်း။ ။