Skip to main content

မူဆယ်မြို့၊(၁၀၅)မိုင်၌ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား မဲပေးခွင့်ရရန်အတွက် တောင်းဆိုမှုသည် ရွေးကောက်ပွဲနည်းဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် မဲပေးခွင့်မပြုကြောင်းသိရှိရ

 

မူဆယ်  နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင်၌ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်း နေကြသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် အထွေထွေရွေးကောက်ပွဲကျင်းပရက် နိုဝင်ဘာ (၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်ခန့်က ဆန္ဒမဲပေးခွင့်ရနိုင်ရန်အတွက် အုပ်စုဖွဲ့၍ မူဆယ်မြို့၊ (၁၀၅)မိုင် အုပ်ချုပ်ရေးမှူးရုံး၌ တောင်းဆိုမှုဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲနည်းဥပဒေလမ်းစဉ်နှင့် ညီညွတ်ခြင်း မရှိသည့် အတွက် ဆန္ဒမဲပေးပိုင်ခွင့် ပြုမည်မဟုတ်ကြောင်း မူဆယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးမင်းအောင်နှင့် အဖွဲ့ဝင်များက အုပ်စုဖွဲ့ဦးဆောင်သူ(၆)ဦးနှင့် တွေ့ဆုံ၍ မဲဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲနည်းဥပဒေနှင့် ညီညွတ်ပါက ဆန္ဒမဲပေးခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မဲပေးခွင့်ရှိ/မရှိသိရှိနိုင်ရန် မူဆယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ပြည်နယ် ရွေးကောက်ပွဲ ကော်မထံသို့ ဖြစ်စဉ်ကို တင်ပြထားကြောင်းသိရသည်။

ဆက်လက်ပြီး “ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းအား (၃)ကြိမ်တိုင် ကပ်ထားကြော်ငြာပြီး ကြိုတင် မဲပေးလိုပါက သတ်မှတ်ပုံစံအတိုင်း ဥပဒေနှင့်အညီလျှောက်ထားနိုင်ကြောင်း၊ မြို့နယ်ကျော် ခရီးလွန် နေပါက မိမိရောက်ရှိနေသည့် မြို့တွင် ပုံစုံ(၁၅)ဖြင့် သက်မှတ်ရက်အတွင်း မဲပေးပိုင်ခွင့်လျှောက်ထား နိုင်ကြောင်း နှင့် ရွေးကောက်ပွဲနည်းဥပဒေများကို မူဆယ်မြို့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ရှင်းလင်း ပြောကြားသည်။

ဆန္ဒမဲပေးနိုင်ရန်တောင်းဆိုကြသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် မိမိမြို့နယ်၊ ရပ်ကွက်/ ကျေးရွာတို့မှ မဲပေးပိုင်ခွင့်ဆိုသည့် အထောက်အထားများယူဆောင်လာကြသော်လည်း  ရွေးကောက်ပွဲ နည်းဉပဒေ များနှင့် ညီညွတ်ခြင်းမရှိခြင်းကြောင့် ဆန္ဒမဲပေးပိုင်ခွင့်မပြုခြင်းဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများကို ထင်မြင်လွှဲမှားခြင်းကြောင့် နိုင်ငံသားတစ်ယောက်အနေဖြင့် မဲပေးခွင့် မဆုံးရှုံး ရန်အတွက် ဆန္ဒမဲပေးလို၍ ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများက ပြန်လည် ပြောကြားပြီး မူဆယ်မြို့နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကြားတွင် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် အတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရခြင်းနှင့် အတူ မဲပေးပိုင်ခွင့်ပါ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)