Skip to main content

ဒေသအလိုက် လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၅၁)ထွန်စက်စခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာရေး သက်သာချောင်ချိရေးဆိုင်ရာများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဆိုင်ရာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါများ ဓာတ်ခွဲစစ်ဆေးပေးနေမှုနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd. ၏ ငါး အသားလွှာပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းစက်ရုံ လုပ်ငန်း၊ ဇီဝလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် စက်ပစ္စည်းများ စမ်းသပ်လည်ပတ်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင် ရေး ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့ ကျုံတမာကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးမြင့်သိန်းထွန်း၏ Top Dairy Farm နို့စားနွား မွေးမြူရေးခြံသို့ရောက်ရှိပြီး နို့စားနွား ၈၅ ကောင် မွေးမြူထားရှိမှုနှင့် နို့နှင့်နို့ထွက်ပစ္စည်းများဖြစ်သည့် နို့အေး၊ ဒိန်ချဉ်၊ ထောပတ်၊ ဒိန်ခဲများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းတာဝန်ရှိသူများအား စက်ရုံအတွင်း သန့်ရှင်းသပ်ရပ်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အစားအစာဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

အလားတူ ဆားမလောက်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ Master Feed Mill ငါးအစာ တောင့်စက်ရုံသို့ရောက်ရှိပြီး ဒေသထွက်ကုန်ကြမ်း ဖွဲနု၊ ဖွဲဖြူ၊ ပဲဖတ်၊ နှမ်းဖတ်၊ မုန်ညင်းဖတ်၊ နေကြာဖတ်၊ ဆီးဖတ်၊ ငါးခြောက်၊ ဖွံခြောက်၊ ငါးဆီ၊ ဆန်လုံးတီး၊ ပြောင်းတို့ဖြင့် ငါးကြီးစာ၊ ငါးမစာ၊ ငါးလေးစာ၊ ဆေးစပ်ငါးလေးစာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးတိရစ္ဆာန်အစာတွင် ပါဝင်ရမည့် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းသက်သာစေ မည့်နည်းစနစ်များ လေ့လာဆောင်ရွက်ရန်နှင့် ခေတ်မီ AI နည်းပညာသုံးစွဲကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်