ရန်ကုန် အောက်တိုဘာ ၁၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေပါ အကျိုးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံများစသည့် ဥပဒေပါလိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို သိရှိလိုက်နာခြင်းအားဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေမည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်း၊ အလုပ်သမားများ၏ အကျိုးခံစားပိုင်ခွင့်များကို အလုပ်သမားဥပဒေနှင့်အညီ မရရှိပါက အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများနှင့် WCC တို့ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း၊ ပြေလည်မှုမရပါက သက်ဆိုင်ရာ အလုပ်သမားဌာနများသို့ ဆက်သွယ်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်စေမည့် လုပ်ဆောင်မှုများ ရှောင်ကြဉ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုကို ဥပဒေနှင့်အညီလုပ်ငန်းခွင်မပျက် ဖြေရှင်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေလင်ပန်းစက်မှုဇုန်ခန်းမ၌ စက်မှုဇုန် ကော်မတီ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ် သမားအငြင်းပွားမှု လျော့နည်းကျဆင်းစေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန်စေတနာထားကာ ယုံကြည်မှုရှိရှိဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ Twinkle Light Fashion Co.,Ltd ၊ Harmony Myanmar Garment Co.,Ltd ၊ Unique HTT Co.,Ltd နှင့် Felghua Clothing Co.,Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်