Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေး

 

မန္တလေး နိုဝင်ဘာ ၈

၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နံနက် ၆နာရီမှ ညနေ ၄နာရီအထိ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ အေးချမ်း လွတ်လပ်စွာဖြင့် ဆန္ဒမဲ များပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိ သည့် မဲဆန္ဒရှင် ၄၉၄၀၅၉၂ ဦး အတွက် မဲရုံပေါင်း ၅၄၄၇ ရုံဖွင့်လှစ်ထားရှိပြီး မန္တလေးခရိုင် ၇မြို့နယ်အတွင်း၌ မဲဆန္ဒရှင် ၁၂၇၅၃၇၀ အတွက် မဲရုံပေါင်း ၆၇၉ ရုံဖွင့်လှစ်ထားရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နံနက်စောစော မဲရုံ မဖွင့်မီ အချိန်ကတည်းကပင် သတ်မှတ် မဲရုံ အသီးသီးသို့ စိတ်ဝင်တစားလာရောက် စောင့်ဆိုင်းကာ မဲရုံ စတင်ဖွင့်လှစ်သည်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ Social Distancing ပုံစံဖြင့် စနစ် တကျတန်းစီစောင့်ဆိုင်း ပြီး မဲပေးခဲ့ကြသည်။

မဲပေးကြမယ့်ပြည်သူတွေက မဲရုံမဖွင့်မီ မနက် ၄နာရီခွဲကတည်းက ကျွန်တော်တို့ မဲရုံရှေ့မှာ လာရောက် စောင့်ဆိုင်းနေကြတဲ့အပြင် ကျွန်တော်တို့ ရပ်ကွက်မှာ ကြိုတင်မဲ ပေးခွင့်ရှိတဲ့ အသက် ၆၀ ကျော်အရွယ် တစ်ထောင်ကျော်အနက် ၉၀၀ ကျော် ကြိုတင်မဲ ပေးခဲ့ကြတဲ့ အတွက်လည်း ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲ အပေါ်မှာ ပြည်သူတွေ တက်တက် ကြွကြွနဲ့ စိတ်ဝင်စားမှုရှိတယ်လို့ ယူဆလို့ရပါတယ်။ လာရောက် မဲပေးကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် မဲရုံအတွင်းအပြင်မှာ မဲရုံဝန်ထမ်းနဲ့ လုံခြုံရေး အင်အား  ၃၁ဦးတာဝန်ချထားပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် KN-95 Mask တွေနဲ့ Face Shield တွေ ဖြန့်ဝေပေးပါတယ်။ ဒါ့ပြင် မဲလက်မှတ်ထုတ်ဖို့ လက်မှတ်ထိုးတဲ့အခါမှာလည်း ရောဂါကူးစက်မှု မရှိအောင် ကျွန်တော်တို့အစီအစဉ်နဲ့ ဘောလ်ပင်တွေလည်း ဖြန့်ဝေပေး ထားပါတယ်ဟု ချမ်းအေး သာစံမြို့ နယ် ကဥ္စနမဟီ ရပ်ကွက်ရှိ မဲရုံအမှတ်(၄) တာဝန်ခံ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသိန်းနိုင် က ပြောသည်။

ထို့ပြင် မဟာအောင်မြေမြို့နယ်တွင်နေထိုင်ပြီး ပထမဆုံးအကြိမ်အဖြစ်လာရောက် မဲပေးသည့် မသန္တာခိုင် ကလည်း “ကိုယ့်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး မဲပေးခဲ့ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ အားကိုးယုံကြည်စွာမဲပေးခဲ့တဲ့ ပါတီအနိုင် ရခဲ့ရင်လည်း ပြည်သူတွေအားလုံးအတွက် အဆင် ပြေစွာဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မဲရုံအဝင်မှာ အပူချိန်တိုင်းပြီး KN-95 Mask  တွေအခ မဲ့ပေးတဲ့အပြင် မဲရုံအတွင်းမှာလည်း ရောဂါမကူးစက်အောင်စနစ်တကျစီစဉ်ပေးထားတဲ့အတွက် ဘေးကင်း လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်။ မဲပေးပြီးအပြန်မှာ မင်စွန်းနေတဲ့ ကိုယ့်လက်သန်းလေး ကိုကြည့်ပြီး နိုင်ငံသား တစ်ယောက်အနေနဲ့တာဝန်ကျေပွန်ခဲ့လို့ ဂုဏ်ယူမိပါတယ်ဟု ပြော သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မြို့နယ် အသီးသီးရှိ မဲရုံများသို့ သက်ဆိုင် ရာခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များနှင့် ကျန်းမာရေးဌာနတာဝန်ရှိ သူများမှ လာရောက် ကြည့်ရှုပြီး မဲပေးကြသည့် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်  စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျမဲပေးနိုင်ရန်အတွက် စီစဉ်ဆောင် ရွက်ပေး ခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသည့်  ညနေ၄နာရီတွင် မဲရုံပိတ်သိမ်းပြီး မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် များက မဲပုံးများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးကြ ပြီး စနစ်တကျ မှတ်တမ်း ရေးသွင်းကြသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီပေါင်း ၁၉ ခု နှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ၁၆ ဦး တို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာအတွက် ၁၃၈ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၀ နေရာအတွက် ၄၁ ဦး၊ တိုင်းဒေသ ကြီး(၁)လွှတ်တော် ကိုယ်စား လှယ်နေရာအတွက် ၁၃၂ ဦး၊ တိုင်းဒေသ ကြီး(၂)လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ၁၃၁ ဦး နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၄ ဦး စုစုပေါင်း လွှတ်တော် ကိုယ်စား လှယ်လောင်း ၄၄၆ ဦး ဝင် ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)