Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ မီဒီယာသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၇

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ မီဒီယာဖွံ့ဖြိုးရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် မီဒီယာသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဗဟိုအလုပ်အမှုဆောင်နှင့်တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပြီး ဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတင်ကိုကိုက သင်တန်း ဆင်းအမှာစကားပြောကြား၍ သင်တန်းမှူး ဦးစိန်တိုး (ဆန်းလင်း)က သင်တန်းကာလအတွင်း ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးချင်းသို့ သင်တန်းဆင်း လက်မှတ်များနှင့် လက်ဆောင်များပေးအပ်ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ အပတ်စဉ်သောကြာ နေ့တိုင်းဖွင့်လှစ်ပြီး မီဒီယာကျင့်ဝတ်နှင့် တာဝန်ဘာသာရပ်၊ ဓာတ်ပုံပညာ၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ကာတွန်းရေးဆွဲခြင်းနှင့် တည်းဖြတ်ခြင်းဘာသာရပ်များကို အတွေ့အကြုံ ရင့်ကျက်သည့် ပညာရှင်များက သင်ကြားပို့ချခဲ့ သည်။ သင်တန်းသို့ သတင်းစာ၊ ဂျာနယ်များမှ သတင်းထောက်များ၊ အလွတ်တန်း သတင်းထောက်များ၊ ဌာနဆိုင်ရာများမှ မီဒီယာတာဝန်ရှိသူများ၊ စာရေးဆရာများအပြင် ပြင်ပမှ လေ့လာသူ သင်တန်းသား ၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)