ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက အပြီးတိုင်ထိန်းချုပ်လိုက်ရာ မြို့တွင်း၌ရှိနေကြသည့် TNLA အကြမ်းဖက်သောင်းကျန်းသူတို့ ဆုတ်ခွာထွက်ပြေးသွားကြရပြီဖြစ်သည်။ မပြေးမီ ထုံးစံမပျက် မြို့တွင်းမှ ယူနိုင်သယ်နိုင်သမျှ ယူကြသယ်ကြပြီးဖြစ်သလို ရုံးဌာနများနှင့် ပြည်သူပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။ နောင်ချို၊ ကျောက်မဲမှသည် သီပေါအထိ ၎င်းတို့ပြေးကြရသမျှ မြို့တိုင်းမှာ မဖျက်မနေ ဖျက်ဆီးခဲ့ကြသည့်အထဲတွင် ဂုတ်ထိပ် တံတား၊ ဂုတ်တွင်းတံတား၊ မိုးတေတံတား၊ နမ့်မန်းတံတား၊ ကျင်သီတံတား စသည့် တံတားများလည်း မိုင်းခွဲချိုးဖျက်ခံကြရသည်။
အောက်တိုဘာ ၁၇ ရက်တွင် သီပေါမြို့သို့ ချီတက်ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းများကို ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများကမ်းလှမ်း၍ ဝမ်းပန်းတသာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည့် မြင်ကွင်းများမှာ နောင်ချို၊ ကျောက်မဲမြို့တို့တွင် တွေ့မြင်ခဲ့ကြရသည်နှင့် ထပ်တူပင်ဖြစ်သည်။ ပြည်ပြေးပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်လော်ဘီများက အမွှမ်းတင်ပေးနေကြသည့် အကြမ်းဖက်လက်နက်ကိုင် အဖျက်သမားတို့၏ ထိန်းချုပ်မှု၊ စိုးမိုးမှုအောက်တွင် မည်သို့နေထိုင်ခဲ့ကြရ သည်ကို ကိုယ်တွေ့ကြုံကြရသည့် ဘဝပေးအသိဖြင့် ဒေသခံတိုင်းရင်း သားပြည်သူတို့ ခံစားသိရှိခဲ့ရခြင်းဖြစ်သည့်အလျောက် တပ်မတော်ကို ကြိုဆိုမှုများမှာ လှိုက်လှဲနွေးထွေးမှုအပြည့်ဖြင့်ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ကို တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ သည်။ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ မြို့ပြန်လည်တည်ဆောက်ရေးတို့ကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြရာ ဦးစွာပထမအားဖြင့် ဒေသခံပြည်သူများ၏ ရင်သွေးသားသမီးတို့ ကျောင်းပြန်တက်နိုင်ခဲ့ကြသည်။ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ခံယူရန်လိုအပ်သည့် ပြည်သူများအတွက်လည်း ဆေးရုံဆေးခန်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ ဖျက်ဆီးယူဆောင်သွားခြင်းခံရသည့် အခြေအနေမှာပင် ပြုစုကုသမှုများကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။
ပြင်ဦးလွင်မှ နောင်ချို၊ နောင်ချိုမှ ကျောက်မဲ စသည်ဖြင့် အပြန်အလှန် ဆက်သွယ်ကူးသန်းသွားလာမှုများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားကင်းစင်သည့်ဒေသများမှာ မကြာမီရောင်းပန်း ဝယ်ပန်းတို့ ပွင့်လန်း၍ ပြန်လည်စည်ကားလာမည်သာဖြစ်သည်။ ယခုသီပေါမြို့ကို အလုံးစုံ ထိန်းချုပ်လိုက်ခြင်းအားဖြင့် မန္တလေး-လာရှိုးပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မကြာမြင့်သောကာလတွင် ပြန်လည်သွားလာနိုင်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်နိုင်ကြပြီဖြစ်ရာ အကြမ်းဖက်အဖျက် သမားချေမှုန်းရေးတွင် တိုင်းရင်းသားပြည်သူများ အင်တိုက် အားတိုက်ပါဝင်ကြသည်နှင့်အမျှ အချိန်တိုအတွင်း အေးချမ်းသာယာ လာမည်ဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လက်နက် ကိုင်သောင်းကျန်းမှုများမှာ အကျိုးစီးပွား၊ အယူဝါဒ၊ ရည်မှန်းချက်စသည်တို့ မတူကွဲပြားကြပြီး စစ်ဘုရင်ဝါဒထူထောင်၍ နယ်မြေဒေသအလိုက် အာဏာရှင်များဖြစ်ရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တစ်ဖဲ့စီ၊ တစ်ဖဲ့စီကိုယ်ကျိုးစီးပွားအတွက် ဖဲ့ယူဖျက်ဆီးရန် တော်လှန်ရေးအမည်တပ်၍ လှည့်ဖြားဆောင်ရွက်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုဖွားအားလုံး တစ်မိသားစုတည်းဟူသော ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးပြီး ကျဉ်းမြောင်းသည့်လူမျိုးရေးအမြင်နှင့် လူမျိုးခွဲခြားသည့် စိတ်ဓာတ်ကဲ့သို့သော ဒီမိုကရေစီနှင့်နည်းနည်းမျှ မအပ်စပ်သည့် စိတ်ဓာတ်များဖြင့် ၎င်းတို့၏ဦးနှောက်များ ဆေးကြောခံထားကြရသည်ကိုလည်း ထင်ထင်ရှားရှားတွေ့ခဲ့ကြရသည်။ ကျဉ်းမြောင်းသည့် လူမျိုးစွဲစိတ်ဓာတ်မျိုးကို ပြည်ထောင်စုစိတ်ဓာတ်ထက်သန်သည့် တိုင်းရင်းသားပြည်သူများအနေဖြင့် ဝိုင်းဝန်းတိုက်ဖျက်သွား ကြရမည်လည်းဖြစ်သည်။
မကြာမီအေးချမ်းသည့် ဆောင်းရာသီနှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ တစ်ပိုင်းပြီးတစ်ပိုင်းကျင်းပမည့် ရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် နိုင်ငံတစ်ဝန်း အေးချမ်းသာယာဖို့လိုသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် တပ်မတော်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ ပြည်သူတစ်ရပ်လုံးက ပါဝင်ကူညီဆောင်ရွက်ကြရပါမည့် အကြောင်း။ ။