Skip to main content

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သီပေါမြို့အား ပြန်လည်ထိန်းချုပ်၊ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်တော့မည်ဖြစ်

နေပြည်တော် အောက်တိုဘာလ ၁၇

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ခရိုင်မြို့ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ဒေသခံတိုင်းရင်းသား ပြည်သူ့လူထုတစ်ရပ်လုံး၏နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးမှုတို့ကို အပြည့်အဝရယူ၍ TNLA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းထံမှ ပြည်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့မှ ၂၈ ကီလိုမီတာအကွာရှိ ရှမ်းမြောက်ဒေသ၏ မြို့တစ်မြို့ဖြစ်သော သီပေါမြို့ကို ဆက်လက်ချီတက်၍ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းမှုစစ်ဆင်ရေးဆောင်ရွက်ရန်လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုတို့ကို အချိန်တိုအတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် သားကောင်းဇာနည်အောင် စစ်သည် တပ်မတော်စစ်ကြောင်းများက ကျောက်မဲမြို့မှ သီပေါမြို့သို့ ဖရိုဖရဲ အလဲလဲ အကွဲကွဲ ဦးတည်ဆုတ်ခွာထွက်ပြေးခဲ့ကြသည့် TNLA အကြမ်းဖက်သောင်းကျန်သူများကို အနားမပေးဘဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှစ၍ စစ်ကြောင်းများဖြန့်ခွဲကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆက်လက်ဆင်နွဲတိုက်ပွဲဝင်ခဲ့ကြသည်။

ထိုသို့ သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကြောင်းများခွဲ၍ ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းလျက်ရှိသည့် ဆိုင်းခေါင်ကျေးရွာ၊ နောင်ပိန်လေးကျေးရွာ၊ ဇောတိကုန်းကျေးရွာ၊ နမ့်ဟူးတောင်(အောက်)၊ နမ့်ဟူးတောင်(အထက်)နှင့် ပန်ဟက်ကျေးရွာ၊ အောက်တိုဘာ ၃ ရက်တွင် ကျောက်မဲကြီးကျေးရွာ၊ အောက်တိုဘာ ၄ ရက်တွင် ခိုတင်ကျေးရွာ၊ ပွိုင့်-၉၄၇ တောင်ကုန်းနှင့် ပန်ဟုတ်ကျေးရွာ၊ အောက်တိုဘာ ၅ ရက်တွင် နားခေါ်ကျေးရွာ၊ ခဲမွန်ကျေးရွာနှင့် ဗူးခါးကျေးရွာ၊ အောက်တိုဘာ ၆ ရက်တွင် လွယ်ခေါ်ကျေးရွာ၊ အောက်တိုဘာ ၉ ရက်တွင် ချောင်းချောက်ကျေးရွာနှင့် အောက်တိုဘာ ၁၀ ရက်တွင် နောင်အန်းကျေးရွာနှင့် ၎င်းကျေးရွာအနီးရှိ ရန်သူ့စခန်းကုန်းတို့အား အဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် တပ်မတော်စစ်ကြောင်းများသည် ရန်သူထင်မှတ်မထားသည့်နေရာမှ အကျယ် ၁၁၀ ပေ၊ အနက် ၁၂ ပေခန့်ရှိ ပြီး ၁ နာရီ ၅ မိုင်နှုန်းခန့်စီးဆင်းနေသည့် ရေစီးသန်သော နမ့်ပန်စီချောင်းကို စစ်နည်းဗျူဟာမြောက် ပေါင်းကူးခြေကုပ်ရယူ၍ ခဲရာခဲဆစ်ဖြတ်ကူးကာ အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ရာ အောက်တိုဘာ ၁၂ ရက်တွင် တိမ်းခမ်းကျေးရွာနှင့် ငွန်ဆိုင်းကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် မူလေးကျေးရွာ၊ ရေပူကျေးရွာ၊ လောင်ခွန်ကျေးရွာနှင့် ပုံဖန်းကျေးရွာ၊ အောက်တိုဘာ ၁၄ ရက်တွင် မန်လွယ်ကျေးရွာ၊ ကျင်သီကျေးရွာတစ်ဝိုက်၊ အောက်တိုဘာ ၁၅ ရက်တွင် ဘော်ကြိုကျေးရွာ၊ ကောင်းခါးကျေးရွာနှင့် နားခဲကျေးရွာ၊ အောက်တိုဘာ ၁၆ ရက်တွင် ခါလိမ်ခါလွေကျေးရွာမှတစ်ဆင့် သီပေါတိုးဂိတ်တို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ အဆင့်ဆင့်နေရာတစ်ခုပြီးတစ်ခု ချီတက်ရှင်းလင်းသိမ်းပိုက်စဉ် တပ်မတော်စစ်ကြောင်းများ ကျင်သီကျေးရွာအနီးသို့အရောက် TNLA အကြမ်းဖက်သောင်းကျန်းသူများသည် ကျောက်မဲမြို့နှင့် သီပေါမြို့အကြားရှိ အလျား ၂၀၀ ပေနှင့် အနံ ၂၈ ပေရှိ ရေစီးသန်သည့် နမ့်ပန်စီချောင်းကူးတံတားဖြစ်သည့် ကျင်သီတံတားအား ယုတ်မာရိုင်းစိုင်းစွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်လျက်ရှိစဉ် တပ်မတော်စစ်ကြောင်းများက အချိန်မီရောက်ရှိသွားသည့်အတွက် တံတားအားအလုံးစုံမိုင်းခွဲဖျက်ဆီးနိုင်ခြင်းမရှိဘဲ ဖရိုဖရဲဖြင့်ဆုတ်ခွာထွက်ပြေးကာ အချို့အားမိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် လမ်းကြောင်းတလျှောက်တွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြစ်စေရန်အတွက် မိုင်းများဖြင့် အတားအဆီးများပြုလုပ်ခဲ့သည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများအား ဒေသခံတိုင်းရင်းသား ပြည်သူများအန္တရာယ်မဖြစ်စေရန်အတွက် စနစ်တကျဖယ်ရှားရှင်းလင်းခြင်း၊ ပျက်စီးနေသည့် တံတားနေရာများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ညတွင်းချင်းပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံချေမှုန်းခဲ့သည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းများ သီပေါမြို့အဝင် Toll Gate သို့ ရောက်ရှိစဉ် TNLA အကြမ်းဖက်သောင်းကျန်းသူများသည် သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ပြည်သူပိုင်အဆောက်အအုံများအား မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက မြို့အတွင်းသို့ အလျင်အမြန်ဝင်ရောက်ရှင်းလင်း၍ အခြားအဆောက်အအုံများ မီးကူးစက်မှုမရှိစေရေး မီးငြိမ်းသက်ရေးလုပ်ငန်းများနှင့် မြို့တွင်းလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတွင် သီပေါမြို့အား တပ်မတော်က အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ အလားတူ သီပေါမြို့အနီးဝန်းကျင်သို့ ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းအနေဖြင့်လည်း စိတ်ဓာတ်ကျဆင်းစွာ ဖရိုဖရဲဖြင့် သီပေါမြို့၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား ထပ်ကြပ်လိုက်လံ တိုက်ခိုက်ချေမှုန်းလျက် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ (၃၄)ကီလိုမီတာအကွာအဝေးအား အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၆ ရက်တာကာလအတွင်း အကြမ်းဖက်သောင်း ကျန်းသူများနှင့် တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့မှုပေါင်း ၂၁ ကြိမ်၊ စုစုပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၃ လောင်း၊ လက်နက် ၇ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ စိတ်ကူးယဉ်အိမ်မက်ဖြစ်သည့် ပလောင်ပြည်နယ်ရရှိရေးတွင် တစ်ခုအပါအဝင်ဖြစ်သော သီပေါမြို့ကိုလည်း တပ်မတော်က ထပ်မံ၍အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အတွက်လည်း ၎င်းတို့၏ စိတ်ကူးယဉ်အိမ်မက်များ ဝေးသည်ထက်ဝေးကွာကာ ခေါင်းဆောင်ပိုင်းမှအစ လက်အောက်အဆုံး လက်နက်ကိုင်သောသူတိုင်းနီးပါး စိတ်ဓာတ်များ အကြီးအကျယ်ကျဆင်းစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးလျက်ရှိသကဲ့သို့ အချို့အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များအနေဖြင့်လည်း နီးစပ်ရာတပ်မတော်စစ်ကြောင်းများထံ ဆက်သွယ်၍ အလင်းဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

TNLA အကြမ်းဖက်သောင်းကျန်းသူများသည် သီပေါမြို့မှ ဆုတ်ခွာထွက်ပြေးစဉ် နောင်ချိုမြို့နှင့် ကျောက်မဲမြို့များတွင် လုပ်ဆောင်ခဲ့သည့် ၎င်းတို့၏ အကြမ်းဖက်လမ်းစဉ်နည်းလမ်းအတိုင်း လုပ်ဆောင်လျက်ရှိသည့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် သီပေါမြို့ရှိ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာ အဆောက်အအုံများနှင့် ပြည်သူလူထု၏ နေအိမ်များအား ရက်စက်ယုတ်မာရှိုင်းစိုင်းစွာ မီးရှို့ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ခေတ္တထိန်းချုပ်စဉ်ကာလအတွင်း မြို့/ရွာများအတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့်လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုပြင် အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်ပွားစဉ် ကာလအတွင်း ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်ရှိ မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော် ရှေးဟောင်းမီးရထားလမ်းတံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား၊ ဂုတ်တွင်းတံတားအပါအဝင် အများပြည်သူ အဓိကသွားလာအသုံးပြုလျက်ရှိသည့် တံတားကြီး/ငယ်များအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့တားဆီးခြင်းများ လုပ်ဆောင်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ပြန်လည်ပြုပြင်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ သီပေါမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တပ်မတော်စစ်ကြောင်းများကို အောင်သပြေများ၊ ပန်းကုံးများဖြင့် ဝမ်းသာအားရ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသကဲ့သို့ပင် သီပေါမြို့မှ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံတိုင်းရင်းသားမိဘပြည်သူများ ပြည်ဝင်ရောက်၍ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ရာ ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်တော့မည် ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်း သားပြည်သူများအနေဖြင့် ဝမ်းမြောက်ပျော်ရွှင်လျက်ရှိသကဲ့သို့ပင် မြန်မာတစ်ပြည်လုံးရှိ ပြည်သူများကလည်း ယခုကဲ့သို့ တပ်မတော်၏ အောင်မြင်မှုများအတွက် ထပ်တူဂုဏ်ယူဝမ်းမြောက်လျက်ရှိပြီး ရှေ့တန်းရောက်တပ်မတော်သားများအတွက် နိုင်ငံတစ်ဝှမ်းရှိ စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား ပေးပို့လှူဒါန်းလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ရှေ့တန်းရောက် တပ်မတော်သားများ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းများက သီပေါမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်စည်ကူးသန်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်တော့မည် ဖြစ်သည့်အတွက် ပြည်သူများက ဝမ်းမြောက်လျက်ရှိကြောင်းသိရှိရပြီး သီပေါမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် သတင်းအား တိုက်ပွဲဝင်ရှေ့တန်းရောက် တပ်မတော်သားများနှင့်အတူ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီရုပ်မြင်သံကြားအဖွဲ့သားများက သတင်းကောင်းတစ်ခု တင်ဆက်လိုက်ရပါသည်။