Skip to main content

(၁၃) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ ဂုဏ်ပြုညစာစားပွဲနှင့် ဒုတိယနေ့အစည်းအဝေးများကျင်းပ

နေပြည်တော်   အောက်တိုဘာ ၁၆

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌  ကျင်းပလျက်ရှိသော (၁၃) ကြိမ်မြောက်အာဆီယံသဘာဝ  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံကတည်ခင်းသောဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အခြားသောအာဆီယံနိုင်ငံများမှဝန်ကြီးများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဘုရင့်နန်းတော်၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်  H.E. Samdech Moha Borvor Thipadei Hun Manet နှင့်တွေ့ဆုံပြီး (၁၃)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနေ့အထိမ်းအမှတ်အခမ်းအနားများသို့ တက်ရောက်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် Sofitel ဟိုတယ်တွင်ပြုလုပ်သည့် (၅)ကြိမ်မြောက် အာဆီယံ-တရုတ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဆက်လက်တက်ရောက်သည်။ အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်နိုင်မှုအခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅)ရေးဆွဲ၍ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် ဒေသတွင်းရလဒ်ကောင်းများရရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးကြုံတွေ့ခံစားရချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များချက်ချင်းစေလွှတ်ပေးခဲ့မှု၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကူညီပေးခဲ့မှုများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် အာဆီယံဒေသဖြစ်စေရေး အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေး သည်။

မွန်းလွဲပိုင်းတွင် (၅)ကြိမ်မြောက် အာဆီယံ-ဂျပန်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ   ဝန်ကြီးများအဆင့်အစည်းအဝေးကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်(Disaster Emergency  Logistic System for ASEAN- DELSA) ထူထောင်ခြင်းအပါအဝင် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးငလျင်ကြီးတုံ့ပြန်ဆောင်ရွက်ရေးတွင် ဂျပန်နိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်းများကူညီထောက်ပံ့ပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၄)ကြိမ်မြောက်အာဆီယံ-ကိုရီးယားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်သည်။

ထို့နောက်   အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည်။

အစည်းအဝေးများသို့ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ဂျပန်နိုင်ငံ၊  ကိုရီးယား သမ္မတနိုင်ငံတို့မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။      

သတင်းစဉ်