Skip to main content

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ

ရန်ကုန်   အောက်တိုဘာ   ၁၆

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မြန်မာ  နိုင်ငံမှအိမ်ရှင်အဖြစ် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။

ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က မဲခေါင်အဖွဲ့ဝင်နိုင်ငံများအတွင်း ၁၉၉၃ ခုနှစ်မှ စတင်လက်မှတ်ရေးထိုးခဲ့သည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာသည် ဒေသတွင်းမူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုနှင့်သုံးစွဲမှုများကိုတိုက်ဖျက်ရာတွင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများအတွက် အလွန်အရေး  ပါသောယန္တရားတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မဲခေါင်မြစ်ဝှမ်းဒေသအတွင်း  မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးစွဲကုသမှုပေးရေး၊ ကြိုတင်ကာကွယ်အသိပညာပေးရေး၊ တားဆီးနှိမ်နင်းရေး၊ ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေးအတွက် အစားထိုးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊ သတင်းအချက်အလက်များဖလှယ်ခြင်းနှင့် ပူးတွဲစစ်ဆင်ရေးများကို အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိနေပါကြောင်း၊ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများသည် မဲခေါင်ဒေသတွင်းနိုင်ငံများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်ဖြစ်လာပါကြောင်း၊ Happy Water ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးအသစ်များသည်လည်း နေ့စဉ်နှင့်အမျှပေါ်ထွက်နေသည်ကို   ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရမည်ဖြစ်ပါကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ  အကောင်အထည်ဖော်ရန်အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အထူးစစ်ဆင်ရေးပေါင်းအကြိမ်  ၄၀ ဆောင်ရွက်ခဲ့ပြီးလက်ရှိတွင် ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်မှစ၍ တပ်မတော်၊ အကောက်ခွန်တို့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးသတင်းရယူဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုအပေါ်အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းရှိ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊  မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ထုတ်လုပ်သည့်ပုံစံများတွင် နည်းလမ်းအမျိုးမျိုးနှင့် ပုံစံအသစ်များအသုံးပြုလာမှုကြောင့် စုံစမ်းဖော်ထုတ်နိုင်ရန် အခက်အခဲများလည်းရှိနေပါကြောင်း။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသပြင်ပမှဓာတုဗေဒပညာရှင်များသည် ဥပဒေအရထိန်းချုပ်ထားသော ဓာတုပစ္စည်းများအစားထိန်းချုပ်ထားခြင်းမရှိသော ဓာတုပစ္စည်းများကို အစားထိုးအသုံးပြုလာကြပြီး မူးယစ်ဆေးဝါးချက်သည့်နေရာများသို့ ဝင်ရောက်နေသည့်အတွက် အဆိုပါဓာတုပညာရှင်များကို ထိန်းချုပ်တားဆီးနိုင်ရေး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အချိန်နှင့်တစ်ပြေးညီသတင်း  ဖလှယ်ပေးပို့စေလိုပါကြောင်းနှင့် တရားခံများဖမ်းဆီးရမိရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဘေးကင်းလုံခြုံသော  မဲခေါင်ပူးတွဲစစ်ဆင်ရေးကို   ၂၀၂၅ ခုနှစ်  ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊  ဆက်လက်၍လည်း ဒေသတွင်း နိုင်ငံများနှင့်အထူးစစ်ဆင်ရေးများတွင် ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးကိုဆက်လက်ကျင်းပရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊   တပ်ဖွဲ့မှူးရဲမှူးချုပ် သန့်လွင်မောင်ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦး၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် UNODC တို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် ၄၃ ဦး   တက်ရောက်၍ ဒေသခွဲလုပ်ငန်းစီမံချက် ၁၂ ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊ MoU ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအပေါ်ဆွေးနွေးခြင်း၊ (၆၈)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ ကော်မရှင်အစည်းအဝေး၏ရလဒ်တို့အား ဆွေးနွေးခြင်း၊ မဲခေါင် MoU လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းတိုးတက်မှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ တင်ပြခြင်း၊ ဒေသခွဲလုပ်ငန်းစီမံချက် ၁၃ ကို ပြန်လည်သုံးသပ်ခြင်းနှင့်အတည်ပြုခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအတွက် နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်ရန် အကြံပြုခြင်းနှင့် ကတိကဝတ်ပြုခြင်းတို့အားဆွေးနွေးခဲ့ကြောင်းနှင့် မဲခေါင် MoU အစည်းအဝေးကို အောက်တိုဘာ  ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်